News

POST TYPE

NEWS

မြိတ်ကျွန်းစု ပုလဲမွေးလုပ်ငန်းများသို့ လည်ပတ်နိုင်ပြီ
02-Sep-2018

မြိတ်၊ စက်တင်ဘာ ၂

ခရီးသွား လုပ်ငန်းများနှင့် မကြာ မကြာ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ခဲ့သည့် ပုလဲမွေးမြူရေး ကုမ္ပဏီများ၏ ပုလဲလုပ်ငန်းခွင်များသို့ အောက်တိုဘာလ ၁ ရက်နေ့မှစပြီး သွားရောက်လည်ပတ်နိုင်တော့မည်ဖြစ်သည်။

လေ့လာလည်ပတ်နိုင်မည့် ပုလဲမွေးမြူရေးလုပ်ငန်းများမှာ မြိတ်ကျွန်းစုအတွင်းရှိ မြန်မာအတ္တလန္တိတ် ကုမ္ပဏီ၏ ပုလဲမွေးမြူရေးစခန်းနှင့် ကော့သောင်း ခရိုင်အတွင်းရှိ ဂျလန်းကျွန်း (အရှေ့တိုင်း ပုလဲကုမ္ပဏီ)၊ ရွှေကျွန်း (Belpearl ကုမ္ပဏီ) နှင့် ငလုံးလက်ဖယ်ကျွန်း (ပြည့်စုံထက်မြက် ကုမ္ပဏီ) နှင့် နိုင်ငံပိုင် ပုလဲကျွန်းတို့ ဖြစ်ကြကြောင်း မြိတ်အခြေစိုက် မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းထံမှ သိရသည်။

ကျွန်းများပေါ်ရှိ ပုလဲမွေးမြူရေး လုပ်ငန်းခွင်များသို့ လေ့လာလည်ပတ်ခွင့်ပြုခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းထံမှ သိရသည်။

ခရီးသွားများအနေနှင့် တစ်ပတ်လျှင် တနင်္လာ၊ ကြာသပတေးနှင့် စနေ သုံးရက်လည်ပတ်ခွင့်ရရှိမည်ဖြစ်ပြီး ပုလဲ မွေးမြူရေး လုပ်ငန်းခွင်အား လေ့လာကြည့်ရှုချိန်ကို အများဆုံး ၂ နာရီ သတ်မှတ်ပေးထားကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။

ပုလဲမွေးမြူရေးစခန်းများရှိ မုတ်ကောင်များ မွေးမြူထားရှိမှုကို ပြသပေးခြင်း၊ သားဖောက်ခန်းနှင့် ဝတ်ဆံသွင်းခြင်းခန်းမများတွင် ပုလဲဝတ်ဆံသွင်းခြင်းနှင့် ပုလဲဖော်ခြင်းလုပ်ငန်းများ၊ မုတ်ကောင်မွေးမြူခြင်းတို့အား ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုလဲမွေးမြူထားသည့် ကျွန်းပေါ်ရှိစခန်းများတွင် ဧည့်သည်များ နားနေနိုင်ရန် အဆောင်များ ထားရှိပေးခြင်း၊ စားသောက်ဆိုင်များနှင့် မုတ်ကောင်အခွံ၊ ခရုတို့ဖြင့် ပြုလုပ်ထားသည့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။

ပုလဲမွေးမြူးရေးလုပ်ငန်းခွင်များသို့ လည်ပတ်မည်ဆိုပါက ပြည်တွင်းခရီးသွားများအတွက် တစ်ဦးလျှင် ငွေ ၁၅,၀၀၀ ကျပ်နှုန်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၅ ဒေါ်လာနှုန်းကို သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။

ပုလဲမွေးမြူရေး လုပ်ငန်းခွင်များသို့ လည်ပတ်ခွင့်ပြုခြင်းသည် အောက်တိုဘာလ ၁ ရက်နေ့မှစပြီး တစ်နှစ်ပတ်လုံး (နှစ်စဉ်) ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။

မြိတ်ကျွန်းစုအတွင်းရှိ ငှက်သိုက်၊ ပုလဲနှင့် ငါးဖမ်းလုပ်ငန်းတို့အား ခရီးသွားများအား ဆွဲဆောင်မှုတစ်ခုအနေနှင့် လည်ပတ်ခွင့်ပြုသင့်ကြောင်းကို ဆာကူရာ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ဖူးသည်။

ပုလဲမွေးမြူရေးလုပ်ငန်းကို ခရီးသွားလုပ်ငန်းတွင် ထည့်သွင်းနိုင်ပါက ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်ပြီး ပုလဲလုပ်ငန်းအတွက်လည်း ဝင်ငွေရရှိမည်ဟု ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် တွေ့ဆုံဆွေးနွေးပွဲများတွင် အကြုံပြုပြောဆိုမှုများ ရှိခဲ့ကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်မှုကြောင့် ပုလဲမွေးမြူရေး လုပ်ငန်းခွင်များသို့ လည်ပတ်ခွင့်ရရှိခြင်း ဖြစ်ကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ပြောပြသည်။

“ပုလဲလုပ်ငန်းအတွက်လည်း အထိုက် အလျောက် ဝင်ငွေရမယ်။ မြိတ်ကျွန်းစုကို စိတ်ဝင်စားမှု ပိုမြင့်တက်လာမယ်”ဟု ဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ပြောသည်။

မြိတ်ကျွန်းစုပိုင်တွင်းရှိ ဒုံးညောင်မိုင်းနှင့် နှစ်ဖက်လှကျွန်းအကြား တည်ရှိသည့် မြန်မာအတ္တလန္တိတ်ကုမ္ပဏီ၏ ပုလဲမွေးမြူရေးလုပ်ငန်းသို့ လည်ပတ်နိုင်ရန် လာမည့်ပွင့်လင်းရာသီတွင် စတင်လည်ပတ်မည့်ခရီးစဉ်တွင် ထည့်သွင်းထားကြောင်း မြိတ်အခြေစိုက် ခရီးသွား လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပုလဲကျွန်းမှာ မြိတ်မြို့နှင့် အလှမ်းဝေးနေသည့်အတွက် ခရီးစဉ်တွင် ထည့်သွင်းထားခြင်းမရှိသေးကြောင်း မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်းများထံမှ သိရသည်။

ကော့သောင်းမြို့အခြေစိုက် ခရီးသွားကုမ္ပဏီတစ်ခုဖြစ်သည့် Kento Travel Tour ၏ မန်နေဂျင်းဒါရိုက်တာ ကိုစိုင်းမွန်ကမူ ပုလဲကျွန်းများထံသို့ သွားရောက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေးဟု ဆိုသည်။

“ခွင့်ပြုပေးလိုက်တာသိပါတယ်၊ ပြင်ဆင်မှုကတော့ မရှိသေးဘူး”ဟု ကိုစိုင်းမွန်ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ခရီးသွားကာလတွင် မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုများသို့ ပြည်တွင်းခရီးသည် ၂၅,၇၆၄ ဦး နှင့် ပြည်ပ (နိုင်ငံခြား) ခရီးသည် ၆၃၉၆ ဦးတို့ ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မြိတ်ရုံးခွဲ) မှ သိရသည်။

ခရီးသွားလုပ်ငန်းများအနေနှင့် မြိတ်ကျွန်းစုအတွင်းရှိ ဒုံးညောင်မိုင်း၊ လေးကျွန်း စသည့် ကျွန်း ၁၀ ကျွန်း ဝန်းကျင်အား သွားလာလည်ပတ်နေကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

“Activity တစ်ခုထပ်တိုးတာပေါ့”ဟု မြိတ်အခြေစိုက် ခရီးသွားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်တွင် ခရီးသွားဝန်ဆောင်မှု လုပ်ငန်း ၃၁ ခုရှိကြောင်း ဟိုတည်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (မြိတ်ရုံးခွဲ) မှ သိရသည်။

Dawei Watch