News

POST TYPE

NEWS

နောက်ထုတ်မည့် iPhone 8 အသစ်အတွက် နည်းပညာ လျှို့ဝှက်ထားမှုများကို ဖွင့်ချ
07-Oct-2016
ဝါရှင်တန်၊ အောက်တိုဘာ ၆

iPhone 8 မျိုးဆက်တွင် ဒသမမြောက် ထုတ်လုပ်ခြင်းဖြစ်မည့် iPhone 8 ကို နည်းပညာအသစ်၊ တီထွင်ဆန်းသစ်မှု အသစ်များဖြင့် လုပ်ဆောင်လျက်ရှိပြီး ဖုန်းအသစ်တွင် ပါဝင်မည့် လျှို့ဝှက်ချက်များကို Forbes သတင်းတွင် ဖော်ပြထားသည်။

iPhone 7 နှင့် iPhone 7 Plus တို့တွင် Home ခလုတ်ကို တွေ့ရသော်လည်း နောက်ထုတ်မည့် iPhone 8 တွင် ယင်းခလုတ်များကို တွေ့ရတော့မည် မဟုတ်ကြောင်း ယင်းသတင်းက ဆိုသည်။ 

iPhone 8 တွင် မျက်နှာပြင်နှင့် ကျောသည် OLED  မျက်နှာပြင်အခုံးနှင့် ထုတ်ရန် စီစဉ်ထားကြောင်း၊ ရှေ့နောက်မျက်နှာပြင် နှစ်ခုလုံးသည် အခုံးအသွင်ဖြင့် ကိုင်ဆောင်ကြရမည် ဖြစ်ပြီး ကျောဘက်တွင်လည်း အခုံးဖြစ်ကာ ခလုတ်အများစုကို ကျောဘက်သို့ ပို့ထားနိုင်စေရန် စီစဉ်ထားသည်။

ဖုန်းတစ်ခုလုံးတွင် အသုံးပြုထားသည့် TouchID ဆိုသည့် စနစ်ကြောင့် ယခင်တွေ့မြင်နေရသည့် ဘေးဘက်နှင့် အောက်ခြေမှ ခလုတ်အားလုံး ပျောက်သွားပြီး တို့ထိလိုက်မှသာ မြင်ကွင်းများပေါ်တွင် ခလုတ်များ ပေါ်လာစေရန် စီစဉ်ထားသည်။

iPhone 8 တွင် အဓိက အရေးကြီးသည့်အပိုင်းမှာ လက်ဗွေကို အသိအမှတ်ပြုသည့်စနစ် ဖြစ်ပြီး iOS ကွန်ပျူတာ လုပ်ဆောင်ရေးစနစ်များတွင် အသုံးပြုနေသည့်အတိုင်း မိမိလက်ဗွေ အစစ်အမှန်ဖြင့်သာ ဖုန်းကို ဖွင့်နိုင်ရန် စီစဉ်ထားသည်။ 

ယင်းသို့ လက်ဗွေစနစ်ကို iPhone 8 တွင် ထည့်သွင်းထားရခြင်းမှာ အွန်လိုင်းက တစ်ဆင့် Apple Pay နှင့် ဘဏ်လုပ်ငန်း ငွေကြေးအပေးအယူများကို လုပ်ဆောင်ရာတွင် ပိုမိုလုံခြုံစိတ်ချရစေရန် ဖြစ်သည်။

Apple ကုမ္ပဏီထုတ် iPhone 8 တွင် စိတ်ဝင်စားစရာ အကောင်းဆုံး တီထွင်မှုမှာ TouchID အပိုင်း ဖြစ်ကြောင်း၊ ယင်းစနစ်ကို ကုမ္ပဏီ အနေဖြင့် ၂၀၁၄ ခုနှစ် ကတည်း တီထွင်နေခဲ့ပြီး၊ လက်ဗွေကိုလည်း အထွေအထူး သတ်မှတ်ထားသည့် နေရာတွင် သက်သေခံခိုင်းစရာ မလိုဘဲ ကိုင်လိုက်သည့် လက်အပေါ် ပိုင်ရှင်ကို အသိအမှတ်ပြုပြီး ဖုန်းကို ဖွင့်ပေးမည့်စနစ်က နည်းပညာ အားလုံးတွင် အမြင့်ဆုံးဖြစ်မည် ထင်ကြောင်း Forbes သတင်းတွင် ရေးသားထားသည်။ 

TouchID စနစ်ဖြင့် ဖော်ဆောင်ထားသည့် စမတ်ဖုန်းများသည် လာမည့်နှစ်အတွင်း ဈေးကွက်တွင် ရောက်လာနိုင်သော်လည်း Apple နည်းပညာကို ကုမ္ပဏီတိုင်းက စောင့်ကြည့်နေသည့် အဆင့်တွင် ရှိနေကြောင်း AP သတင်းတွင် ဖော်ပြထားသည်။