News

POST TYPE

NEWS

ပါမောက္ခချုပ်နုတ်ထွက်ရေး ဆန္ဒပြပွဲဦးဆောင်သူ ပြည်တက္ကသိုလ်ကျောင်းသား ခံဝန်ထိုးရန် ဖိအားပေးခံရ
01-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁

ပြည်တက္ကသိုလ်ပါမောက္ခချုပ် နုတ်ထွက်ပေးရေး ကျောင်းဝင်းအတွင်း ဆန္ဒပြမှုဦးဆောင်သော ကျောင်းသားမှအပြစ်ရှိကြောင်း ခံဝန်လက်မှတ်ထိုးစေရန် မိဘများပါ ဖိအားပေးခံနေရကြောင်း တရားစွဲခံထားရသည့် ကိုမြတ်မင်းထက်က ပြောကြားသည်။

ဩဂုတ်လ ၂၇ ရက်က ပြည်တက္ကသိုလ် ပါမောက္ခချုပ် နုတ်ထွက်ပေးရေး ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အကြံပေးကော်မတီဝင် ကိုမြတ်မင်းထက် ဦးဆောင်၍ ကျောင်းသားဦးရေ တစ်ရာကျော်က ဆန္ဒထုတ်ဖော်ခဲ့ပြီး ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံခြင်းမရှိဟုဆိုကာ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ကိုမြတ်မင်းထက်ကို တရားစွဲထားခြင်းဖြစ်သည်။

ထိုသို့တရားစွဲဆိုပြီးနောက်ပိုင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲဝန်ထမ်း ၄ ဦးခန့်က တရားစွဲခံထားရသည့် ကျောင်းသားမိဘများကိုလည်းကောင်း၊ မိဘများ အလုပ်လုပ်ရာရုံး၊ ဌာနမှ တာဝန်ရှိသူများကိုလည်းကောင်းတွေ့ဆုံ၍ ကိုမြတ်မင်းထက်အား အပြစ်ရှိကြောင်း ခံဝန်လက်မှတ်ထိုးစေရန် ဖိအားပေးပြောဆိုမှုများရှိကြောင်း ကိုမြတ်မင်းထက်က ပြောကြားသည်။

“ကျွန်တော် သိရသလောက်က ကျွန်တော့်ကို ရဲစစ်ချက်ယူချင်တယ်။ စစ်ချက်ယူပြီး ကျွန်တော့်ကိုမှားကြောင်း ခံဝန်ပုံစံမျိုး လက်မှတ်ထိုးစေချင်တယ်လို့ မိဘတွေဆီက သိရတယ်။ ဒါကြောင့် မိဘတွေရဲ့ အလုပ်ခွင်ထိ ဖိအားပေးတာလို့ ယူဆတယ်”ဟု ကိုမြတ်မင်းထက်က ပြောကြားသည်။

ယင်းကဲ့သို့ ယူနီဖောင်းဝတ်ဆင်ထားသော ရဲဝန်ထမ်းများက မိဘများ၏အလုပ်ခွင်ထိ သွားရောက်ဖိအားပေးသဖြင့် မိဘများအတွက် သွားလာရေးနှင့် ပေါင်းသင်းဆက်ဆံရေးအတွက် အခက်အခဲများရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်မြို့နယ် ရဲမှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ရဲမှူးမှာ လုံခြုံရေးထွက်သွားပါကြောင်းနှင့် ရုံးတွင်ဖုန်းကျန်ခဲ့ကြောင်း ရုံးဝန်ထမ်းတစ်ဦးက ပြန်လည်ပြောကြားသည်။

တက္ကသိုလ်ဝင်းအတွင်း၌သာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများအနေနှင့် ကျောင်းဝင်းအတွင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိသဖြင့် တရားစွဲဆိုမှုသည် မတရားမှုသာဖြစ်၍ အာမခံယူမည် မဟုတ်ကြောင်းနှင့် မည်သည့်ခံဝန်လက်မှတ်မျှ ထိုးမည်မဟုတ်ကြောင်း ကိုမြတ်မင်းထက်က ပြောကြားသည်။

ကျောင်းသားများ ဆန္ဒထုတ်ဖော်ပြီးနောက် ဩဂုတ်လ ၂၉ ရက်တွင် ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ခင်သီတာကို စီမံခန့်ခွဲမှုအားနည်းခြင်းနှင့် ညွှန်ကြားချက်များ လိုက်နာရန် ပျက်ကွက်ခြင်းများရှိသည်ဟုဆိုကာ နေပြည်တော်သို့ ပြောင်းရွှေ့ပြီး ၎င်း၏နေရာတွင် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းကို ယာယီ တာဝန်ပေး အပ်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ မိဘများ ဖိအားပေးခံခြင်းနှင့် ပါမောက္ခချုပ် နုတ်ထွက်ပေးရေး ဆန္ဒထုတ်ဖော်ခြင်း အကြောင်းအရင်းများ ရှင်းလင်းခြင်းအကြောင်းကို ကိုမြတ်မင်းထက်နှင့် ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက မြန်မာဂျာနယ်လစ်ရုံးခန်း၌ စက်တင်ဘာလ ၁ ရက်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

J-19