News

POST TYPE

NEWS

မန္တလေးတွင် လည်ပင်းကိုဓားနှင့်လှီးကာ ဆိုင်ကယ်လု
31-Aug-2018
မန္တလေး၊ ဩဂုတ် ၃၀

မန္တလေးမြို့တော်၏ အထင်ကရနေရာများအနက် တစ်ခုပါဝင်သည့် မနော်ရမ္မံကစားကွင်းရှေ့တွင် ဩဂုတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီခန့်အချိန်က အမျိုးသားတစ်ဦး၏ လည်ပင်းကို ဓားဖြင့်လှီးကာ ဆိုင်ကယ်လုယူထွက်ပြေးမှု ဖြစ်သွားခဲ့သည်။

အသက် ၄၄ နှစ်အရွယ်ခန့်ရှိ ဦးကျော်ဦးသည် မနော်ရမ္မံကစားကွင်း ရှေ့လမ်းဘေးတွင် ဆိုင်ကယ်ကိုရပ်ကာ ဖုန်းပြောနေစဉ် အမည်မသိအမျိုးသားတစ်ဦးက လည်ပင်းကို ဓားဖြင့်လှီးသွားခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမျိုးအောင်က ပြောကြားသည်။

“တောက်လျှောက်ပဲ တိုင်း၊ ခရိုင်အဖွဲ့တွေနဲ့ လိုက်နေပါတယ်။ တရားခံဖမ်းမိရေး အပူတပြင်းလုပ်နေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် လူသတ်ပြီး ဆိုင်ကယ်လုယူထွက်ပြေးသူအမျိုးသားကို မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းက လုယက်မှုကျူးလွန်ရင်း နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားသည်။

“အဲဒီကောင်လေးက ဆိုင်ကယ်ပေါ်ကို နောက်ကနေတက်ခွထိုင်လိုက်ပြီးတော့မှ ဓားနဲ့လှီးလိုက်တာ။ လူသတ်နေပါတယ်ဆိုပြီး အော်တော့ အဲဒီကောင်လေးက ဓားနဲ့ထိုးဖို့စောင့်နေသေးတာ။ ပြီးမှ ဆိုင်ကယ်မောင်းပြီးထွက်သွားတာ”ဟု အခင်းဖြစ်ပွားရာနေရာအနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယခုလဆန်းပိုင်းကလည်း မဟာအောင်မြေမြို့နယ်အတွင်း၌ ဆိုင်ကယ်စီးနင်းနေသည့် အမျိုးသမီးတစ်ဦးကို အခြားဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသားများက ဆွဲချပြီး ဆိုင်ကယ်လုယူမှုတစ်ခု ဖြစ်ခဲ့သေးသည်။  

M-04


  • VIA