News

POST TYPE

NEWS

အီရန်ပြည်သူများ အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် ယုံကြည်မှုပျောက်ဆုံးနေဟု ရိုဟာနီပြောကြား
30-Aug-2018


တီဟီရန်၊ ဩဂုတ် ၂၉

အီရန်သမ္မတရိုဟာနီသည် ၂၀၁၃ တွင် အာဏာရလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လွှတ်တော်၏ ဆင့်ခေါ်ခံရမှု ကြောင့် အင်္ဂါနေ့ကလွှတ်တော်သို့ ရောက် ရှိလာခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

မဟာမိတ်များနှင့် ပြိုင်ဖက်များထံမှ ဖိအားများကျရောက်နေသော ရိုဟာနီက အမေရိကန်၏ ပြန်လည်အရေးယူပိတ်ဆို့မှုကို အနိုင်ယူရန် ကတိပေးထားသည်။

ရိုဟာနီသည် အီရန်နျူကလီးယား စာချုပ်မှ အမေရိကန်နုတ်ထွက်သွားပြီးနောက် အီရန် စီးပွားရေးကျဆင်းလာခြင်းနှင့်ပတ် သက်၍ ၎င်း၏အစိုးရအဖွဲ့ကို အပြောင်းအလဲ ပြုလုပ်ရန် သဘောထား တင်းမာသောအစု များအပြင် ၎င်း၏ ပြုပြင်ပြောင်းလဲရေးအုပ်စု အတွင်းမှ လက်တွဲဖော်အချို့ထံမှ ဖိအားပေးခြင်းကို ရင်ဆိုင်နေရသည်။

ရိုဟာနီက လွှတ်တော်၏မေးမြန်းမှုကို ရှင်းလင်းချက်ပေးရာတွင် ဇန်နဝါရီလက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများသည် သမ္မတထရမ့်အား အီရန်နျူကလီးယားစာချုပ်မှ နုတ်ထွက်စေရန် အကြောင်းဖန်ခဲ့ကြောင်း၊ စီးပွားရေးပြဿနာများသည် အရေးကြီးသော်လည်း အစ္စလာမ္မစ်သမ္မတ နိုင်ငံအပေါ် ပြည်သူများ၏ ယုံကြည်မှုကင်းမဲ့လာခြင်းက ပိုအရေးကြီးကြောင်း၊ အီရန်သည် အမေရိကကိုဖြစ်စေ၊ စီးပွားရေးပြဿနာများကိုဖြစ်စေ မကြောက်ရွံ့ကြောင်း၊ အခက်အခဲများကို ကျော်လွှားသွားမည်ဖြစ်ကြောင်း၊ အမေရိကန် အရေးယူ-ပိတ်ဆို့မှုများ ကျရှုံးခြင်းကို ဝါရှင်တန်အိမ်ဖြူတော်မှ အီရန်ဆန့်ကျင်ရေးသမားများအား ပြသမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်သည် ယခုနှစ်အစောပိုင်းက အီရန် နျူကလီးယားစာချုပ်မှ နုတ်ထွက်သွားပြီးနောက် ယခုလအတွင်း အီရန်အပေါ် ပထမအချီအရေးယူ-ပိတ်ဆို့မှုများကို ချမှတ်ခဲ့သည်။

၂၀၁၃ နှင့် ၂၀၁၇ ရွေးကောက်ပွဲများ တွင် အာဏာရလာခဲ့သော သမ္မတရိုဟာနီသည် ယခင်သမ္မတ အာမက်ဒီနီဂျက်ကဲ့သို့ မဟုတ်ဘဲ ပြုပြင်ပြောင်လဲရေးသမားတစ်ဦးဖြစ်ပြီး အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တွေ့ဆုံညှိနှိုင်းရေးကို အားပေးသူဖြစ်သည်။ ၂၀၁၅ အီရန် နျူကလီးယားစာချုပ်ကို ရိုဟာနီအစိုးရက ကူညီညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါစာချုပ်မှ အမေရိ ကန် နုတ်ထွက်သွားပြီးနောက် အရေးယူ-ပိတ်ဆို့မှုများ ပြန်လည်ချမှတ်မှုကြောင့် အီရန်ငွေကြေး ပြိုလဲလုနီးပါးအခြေအနေကို တွေ့ကြုံနေရသည်။ တနင်္ဂနွေနေ့တွင် အီရန်လွှတ်တော်က စီးပွားရေးဝန်ကြီး မာဆွတ်ကာဘာဆီယန်ကို ပြစ်တင်စွပ်စွဲမှု ပြုလုပ်ခဲ့ရာရိုဟာနီ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အပေါ် ပြင်းထန်သောထိုးနှက်မှု တစ်ခုဖြစ်ခဲ့သည်။

လွှတ်တော်က ထိုကိစ္စကိုတရားစီရင် ရေးဌာနသို့ လွှဲအပ်ခဲ့ပြီးလွှတ်တော်အမတ်များ က ၎င်းတို့၏မေးခွန်းထုတ်မှုအပေါ် သမ္မတရိုဟာနီ၏ရှင်းလင်းမှုကိုကျေနပ်မှုမရှိကြောင်း ပြသခဲ့သည်ဟု အီရန် တာ့စ်နင်သတင်းဌာန က ထုတ်ပြန်ဖော်ပြခဲ့သည်။

F-04