News

POST TYPE

NEWS

ငါးတန် တင်ပို့နိုင်ရေး တရုတ်ကို စာပို့မည်
29-Aug-2018


ရန်ကုန်၊ ဩဂုတ် ၂၈

တရုတ်နိုင်ငံသို့ မြန်မာ့ငါးတန် စမ်းသပ်တင်ပို့ရာတွင် မျိုးစိတ်အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသောကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရအဖွဲ့ထံ ရက်ပိုင်းအတွင်း စာပို့အကြောင်းကြားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဟိုက်ပိုသားမတ်စ် မျိုးစိတ်ကို မွေးမြူလျက်ရှိပြီး တရုတ်နိုင်ငံ၏ FDA ဌာနဝက်ဘ်ဆိုက်တွင် စာရင်းသွင်းပေးရန် စာပို့အကြောင်းကြားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

“သူတို့ဝက်ဘ်ဆိုက်မှာက ငါးတန်အဖြူမျိုး၊ ဒီမှာမွေးနေကြတာက ဟိုက်ပိုသားမတ်စ်၊ ပို့တော့လည်း ဒါပဲပို့တော့ ဝက်ဘ်ဆိုက်မှာရှိတာနဲ့ ကွဲလွဲနေတော့ အခက်အခဲတွေ ဖြစ်နေတာပေါ့။ ဒါကြောင့် ဟိုက်ပိုသားမတ်စ် မျိုးစိတ်စာရင်းဝင်ဖြစ်ဖို့ စာပို့မှာ။ စာရင်းဝင်မှ ငါးတန်ပို့လို့ရမှာလေ”ဟု ဦးသက်နိုင်က ပြောဆိုသည်။

တရုတ်နိုင်ငံသို့ ဇူလိုင်လအတွင်းက ငါးတန်ကွန်တိန်နာတစ်လုံးကို ပထမဆုံးစပ်းသပ်တင်ပို့လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှတင်ပို့သည့် ဟိုက်ပိုသားမတ်စ်ငါးတန်မျိုးစိတ်သည် တရုတ်နိုင်ငံ၏ FDA ဌာနဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်ထားခြင်းမရှိဘဲ မွေးမြူခြင်းမရှိတော့သည့် ငါးတန်အဖြူမျိုးကိုသာ မှတ်ပုံတင်ထားသောကြောင့် တင်ပို့ရာတွင် အခက်အခဲများဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

လာမည့် စက်တင်ဘာလအတွင်းတွင်လည်း ငါးတန်ကွန်တိန်နာသုံးလုံး ထပ်မံတင်ပို့မည်ဖြစ်သောကြောင့် ငါးလုပ်ငန်း ဦးစီးဌာနအနေနှင့် မတင်ပို့မီအချိန်မီ ဖြေရှင်းပေးစေလိုကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

“ဒီငါးတန်အဖြူက သူတို့ရဲ့ဝက်ဘ်ဆိုက်ကို ဘာလို့ရောက်နေလဲဆိုတာကို သိချင်တယ်။ ဒါက အစိုးရချင်းမေးမှရမယ့် ကိစ္စပါ။ မြန်မာနိုင်ငံမှာ တကယ်မွေးနေတာက ဟိုက်ပိုသားမတ်စ်ဖြစ်တယ်ဆိုတာကို နှစ်နိုင်ငံညှိနှိုင်းပြီး ဟိုက်ပိုသားမတ်စ် မျိုးကို ပြောင်းတင်ပေးသင့်ပါတယ်” ဟု ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောဆိုသည်။ 

တရုတ်နိုင်ငံက ငါးတန်အကောင်လိုက်အစား အသားလွှာဝယ်ယူလိုသော်လည်း မြန်မာနိုင်ငံရှိ အအေးခန်းနှင့် လုပ်သားအင်အား အခက်အခဲကြောင့် ငါးတန်ကို ကျောခွဲပြီးသာတင်ပို့နိုင်ကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

J-11