News

POST TYPE

NEWS

မိုက်ကြေးခွဲ ပိုက်ဆံတောင်းသူများကို နှစ်ရက်အတွင်း ဖမ်းမိ
27-Aug-2018

မန္တလေး၊ ဩဂုတ် ၂၇

မဟာအောင်မြေမြို့နယ်အတွင်း ဩဂုတ်လ ၂၄ ရက်နေ့က ဈေးဆိုင်အတွင်း ဝင်ရောက်ကာ မိုက်ကြေးခွဲ ပိုက်ဆံလုယူခဲ့ပြီး ဆိုင်းအတွင်းပစ္စည်းများကို ဖျက်ဆီးခဲ့သည့် အမျိုးသားလေးဦးကို ဩဂုတ်လ ၂၆ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မဟာအောင်မြေမြို့နယ်၊ ၄၃ လမ်း၊ ၆၄၊ ၆၅ လမ်းတွင်ရှိသည့် အကြောပြင်လုပ်ငန်းသို့ ဓားများကိုင်ဆောင်ထားသည့် အမျိုးသားလေးဦး ရောက်ရှိလာပြီး ပိုက်ဆံတောင်းယူခဲ့ရာတွင် ဆိုင်ရှင်ကမပေးနိုင်ကြောင်း ပြောသည့်အတွက် ကောင်တာအတွင်းရှိ ငွေတစ်သိန်းကျပ်နှင့် လက်ကိုင်ဖုန်းများ၊ တီဗီများကို လုယူကာဆိုင်အတွင်းရှိ ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးသွားခဲ့သော အမှုဖြစ်သည်။

“လူဆိုးတွေပေါ့ဗျာ။ ဝင်လုတယ်၊ ပြေးတယ်။ အဲ့ဒါကို အမှုဖွင့်တော့ တိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြီးကြပ်ပြီး ဖမ်းလိုက်နိုင်တာ”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းမှုများပြုလုပ်ခဲ့ရာ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာတွင် ပုန်းရှောင်နေကြောင်း သတင်းရသည့်အတွက် ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက အမျိုးသားသုံးဦးကို ဓားရှည်များ၊ လောက်လေးခွများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးရာမှ အသက် ၄၀ ခန့်အရွယ် ဦးမြင့်ချိုဆိုသူက ဦးဆောင်ကာ အသက် ၃၉ နှစ်အရွယ်ရှိ ဦးနန်းဦး၊ အသက် ၂၅ နှစ်အရွယ်ရှိ ဦးအာကာ (ခ) အောင်ခိုင်၊ အသက် ၂၃ နှစ်အရွယ် ဦးဝင်းမင်းသန့် (ခ) ပလောင်နှင့် အခြားအမျိုးသားနှစ်ဦးတို့ ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ဖမ်းဆီးရမိသည့် အမျိုးသားသုံးဦး၏ ထွက်ဆိုချက်အရ ဦးမြင့်ချိုကိုပါ ထပ်မံ ဖမ်းဆီးနိုင်ခဲ့သော်လည်း အမျိုးသားနှစ်ဦး လွတ်မြောက်နေဆဲဖြစ်သည်။

ယင်းသို့ ဆိုင်အတွင်း ဝင်ရောက် လုယူခြင်း၊ ပစ္စည်းများ ဖျက်ဆီးခြင်းနှင့် ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သူ ဦးမြင့်ချို အပါအဝင် လူလေးဦးကို မဟာအောင်မြေ မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၆/ ၄၂၇/ ၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

M-04