News

POST TYPE

NEWS

တပ်နှင့် အကျဉ်းဦးစီးဌာန သိမ်းဆည်းမြေများအတွက် လျော်ကြေးနှုန်းထား ဆုံးဖြတ်ပေးရန် ပြည်ထောင်စုအစိုးရထံ တင်ပြမည်
27-Aug-2018
ပုသိမ်၊ ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် တပ်မတော်နှင့် အကျဉ်းဦးစီးဌာနတို့က သိမ်းဆည်းခဲ့သော မြေယာများနှင့်ပတ်သက်၍ တိကျသော လျော်ကြေးနှုန်းထားကို ချမှတ်ပေးရန် ပြည်ထောင်စုအဆင့်သို့ တင်ပြမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

အမှတ် ၉၀၅ စစ်မြေပြင် အင်ဂျင်နီတပ်နှင့် ဆားမလောက် အမှတ် ၃ ဘဝသစ် အကျဉ်းဦးစီးဌာနတို့က ဒေသခံတောင်သူ ၇၂ ဦးထံမှ မြေ ၄၀၀ ကျော်ကို ၁၉၉၆ ခုနှစ်က သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းခံ မြေယာများနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် ဇန်နဝါရီလနှင့် ဇွန်လအတွင်း တိုင်းအစိုးရက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနများမှ ပြန်လည်မစွန့်လွှတ်နိုင်သဖြင့် ပိုင်ဆိုင်မှု အထောက်အထားရှိသူကို တစ်ဧက ကျပ်ငါးသိန်း၊ အထောက်အထား မရှိသူကို ကျပ်နှစ်သိန်း နစ်နာကြေး လျော်ကြေးပေးမည်ဖြစ်ကြောင်း၊ သို့သော် တောင်သူများက တစ်ဧက ကျပ် နှစ်ဆယ့်ငါးသိန်း တောင်းဆိုသဖြင့် ယနေ့တိုင် ညှိနှိုင်းမှု ပြေလည်ခြင်းမရရှိသေး၍ဖြစ်ကြောင်း ဧရာဝတီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက ပြောကြားသည်။

“ခုထိ အသုံးမပြုဘူး၊ ပိုသိမ်းထားတဲ့မြေတွေ ပြန်ရဖို့၊ အဆောက်အအုံ ဆောက်ထားတဲ့ မြေယာတွေအတွက် လျော်ကြေး နစ်နာကြေး ပြန်လည်ရဖို့ ပိုင်ဆိုင်ကြောင်း အထောက်အထားနဲ့ တိုင်းအစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းတွေကို တင်ပြထားတာ ကြာနေပြီ။ မြေယာသိမ်းဆည်းတဲ့ အဖွဲ့အစည်းက သီးစားချ စားနေတယ်။ သိမ်းဆည်းခံခဲ့ရစဉ်က နစ်နာကြေး လျော်ကြေးမယူခဲ့ကြပါဘူး”ဟု သိမ်းဆည်းခံတောင်သူ ဦးစံသိန်းက ဆိုသည်။

အမှတ် ၉၀၅ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၏ သိမ်းဆည်းမြေတွင် ဘဏ္ဍာရေးနှစ်အလိုက် အဆောက်အအုံများ တည်ဆောက်ရန် လျာချက်များ ရှိနေကြောင်း၊ နစ်နာကြေးပေးနိုင်ရန် တပ်ထောက်ချုပ်၏ ဆုံးဖြတ်ချက်အရ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆားမလောက် အမှတ် ၃ ဘဝသစ် အကျဉ်းဦးစီးဌာန၏ သက်မွေးသင်တန်းကျောင်းကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် တည်ဆောက်ထားခြင်း၊ သိမ်းယူစဉ်က တောင်သူများ လုပ်ငန်းလုပ်ကိုင်နေသည့် မြေယာများကို ချန်လှပ်သိမ်းယူခဲ့ခြင်း၊ မြေလွှတ်မြေရိုင်း တရားဝင်လုပ်ကိုင်ခွင့် ရထားခြင်းတို့ကြောင့် နစ်နာမှုများ လျော်ပေးနိုင်ရန် တောင်သူများနှင့် နှုန်းထားညှိနှိုင်း၍ မရသေးကြောင်း ဝန်ကြီးဦးတင်အောင်ဝင်းက ပြောကြားသည်။

“လက်ရှိမြေယာ မူဝါဒ ၅၂ ချက်အရ မည်သည့် အဖွဲ့အစည်းမဆို အနာဂတ်အတွက် ကြိုတင်မြေသိမ်းထားလို့ မရဘူး။ သီးစားချထားလို့မရဘူး။ မလိုအပ်ဘဲ ပိုသိမ်းထားတဲ့ မြေယာတွေကို သိမ်းဆည်းခံရတဲ့သူတွေကို ပြန်ပေးရမယ်။ အဆောက်အအုံ ဆောက်ထားရင် ဒေသရဲ့ ကာလမြေပေါက်ဈေးထက် မလျော့တဲ့ နစ်နာကြေး လျော်ကြေး၊ မြေပေါ်ရှိ နှစ်တို၊ နှစ်ရှည် သီးနှံလျော်ကြေးတို့ကို ပေးရမှာဖြစ်ပါတယ်”ဟု ညောင်တုန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောသည်။

ညောင်တုန်းမြို့နယ် ကျုံတမာကျေးရွာအုပ်စု ဖောင်ရိုးချောင်းကျေးရွာရှိ ဒေသခံတောင်သူ ၃၁ ဦး၏ လယ်ယာမြေ ၉၉ ဧကကျော်ကို အမှတ် ၉၀၅ စစ်မြေပြင် အင်ဂျင်နီတပ်ကလည်းကောင်း၊ ယင်းမြို့နယ် သဇင်ရေကျော်ကျေးရွာအုပ်စု ဂဇန်း လမိုင်း ကျေးရွာရှိ ဒေသခံတောင်သူ ၄၁ ဦး၏ လယ်ယာမြေဧက ၃၅၀ ကို ဆားမလောက် အမှတ် ၃ ဘဝသစ် အကျဉ်း ဦးစီးဌာနတို့ကလည်းကောင်း သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။

R-12


  • VIA