News

POST TYPE

NEWS

ရေဦးတွင် မီးရထားဘူတာရုံပိုင်တစ်ဦး ရထားကြိတ်ခံရ၍ သေဆုံး
ရေဦး၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ရှိ တင်းတိမ်ရံဘူတာရုံပိုင်ကြီး ဦးကျော်ကျော် ၄၇ နှစ်သည် ဩဂုတ်လ ၂၂ ရက်နေ့ ညနေက မုံရွာ-ခင်ဦး အဆန်ရထားကြိတ်ခံရ၍ သေဆုံးခဲ့ကြောင်း တင်းတိမ်ရံနယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 

ယင်းနေ့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်က ဘူတာသို့ဝင်လာသည့် ခင်ဦးရထားမှာ ၅ မိနစ်ရပ်နားနေကျဖြစ်ကာ ရုံပိုင်ကြီးသည် ဂါတ်ဗိုလ်တွဲမှ ငွေအိတ်ယူခြင်းကို တာဝန်ထမ်းနေကျအတိုင်းပြုလုပ်ပြီး ရထားထွက်ခွာသွားပြီးမှ ၎င်းအလောင်းကို မှောက်လျက်အနေအထားဖြင့် ရထားသံလမ်းတွင် ခရီးသည်အမျိုးသမီးတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဘူတာရုံမှ လမ်းခွဲကိုင် ဦးကျော်သူအောင်က ပြောကြားသည်။

“သူတာဝန်ထမ်းဆောင်နေကျအတိုင်း ဘူတာဘက်မှာ လုပ်ဆောင်ပြီး ရထားလမ်းဟိုဘက်ခြမ်းမှာ ဘယ်လိုကြိတ်ခံရသလဲဆိုတာ မြင်သူမရှိပါဘူး။ ခရီးသည်က လူတစ်ယောက် ကုန်းကုန်းကြီးပြောလို့ ဘူတာရုံက လမ်းဗိုလ်လေးက သွားကြည့်မှ ရုံပိုင်ကြီးဖြစ်နေတာ သိရတယ်”ဟု ၎င်းက ရှင်းပြသည်။ 

ရုံပိုင်ကြီး ဦးကျော်ကျော်သည် တစ်စုံတစ်ဦး၏ ပယောဂကြောင့်မဟုတ်ဘဲ ရထားကြိတ်ခံရ၍ သေဆုံးခြင်းသာဖြစ်ပြီး ဦးကျော်ကျော်မှာ လွန်ခဲ့သည့် သုံးရက်ခန့်ကလည်း ကျန်းမာရေးမကောင်းဘဲ အားနည်းနေကာ မည်သူ့ကိုမှလည်း စကားပြောဆိုခြင်းမရှိသည်ဟု သိရကြောင်း တင်းတိမ်ရံစခန်းမှူး ရဲအုပ်စိုးလွင်က ပြောကြားသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အနီးဝန်းကျင်ဒေသခံအချို့ကလည်း ကိုယ့်ကိုယ်ကိုယ်သတ်သေသည်ဟု ယူဆမှုများရှိနေသည်။

အဆိုပါရုံပိုင်ကြီးသည် တင်းတိမ်ရံ ဘူတာရုံတွင် တာဝန်ကျသည်မှာ လပိုင်းသာရှိသေးကြောင်း၊ ရန်ကုန်ဘက်သို့ ပြောင်းရွှေ့ရန် အမိန့်ကျထားသော်လည်း လူစားမလာ၍ အပြောင်းစောင့်နေချိန်တွင် ယခုကဲ့သို့ဖြစ်ပွားခြင်းဖြစ်ကာ ၎င်းသေဆုံးမှုအား မြင်တွေ့သူတစ်ဦးတစ်ယောက်မှ မရှိကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သေမှုသေခင်းအမှတ် ၄/၂၀၁၈ ဖြင့် တင်းတိမ်ရံ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်။

R-08