News

POST TYPE

NEWS

ဆားလင်းကြီး ကျားတက်ရွာ အ.ထ.က တွင် ခူကောင်များကျ၊ ကျောင်းယာယီပိတ်

ကလေး၊ ဩဂုတ် ၂၃ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း လူကို အန္တရာယ်ဖြစ်စေနိုင်သည့် ဆိတ်တုပ်ပိုးကောင် (ခေါ်) အစိမ်းရောင်ရှိသည့် ခူကောင်များ အများအပြား ကျရောက်နေပြီး ကျောင်းသားအချို့တွင် ယားယံနာကျင်မှုများဖြစ်နေသဖြင့် စာသင်ကျောင်းကို ယာယီပိတ်ထားရကြောင်း ကျားတက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက်မှစတင်ကာ ကျားတက်ရွာ စာသင်ကျောင်းဝင်းအတွင်းရှိ ထနောင်းပင်ကြီးနှစ်ပင်ပေါ်တွင် ဆိတ်တုပ်ပိုးကောင်ငယ်များ အများအပြား ကျရောက်နေခြင်းဖြစ်ပြီး အဆိုပါပိုးကောင်ငယ်များသည် ဆိတ်ကိုတုပ်မိပါက ဆိတ် သေနိုင်ပြီး လူကိုတုပ်မိပါက ကိုယ်ခံအား မကောင်းသူများဆိုပါက ဆိုးဆိုးဝါးဝါး အဆိပ်ဒဏ်ကို ခံစားရနိုင်သည့် အကောင်ငယ်များဖြစ်ကြောင်း ယင်းဒေသခံများက ပြောဆိုသည်။

ယင်းအကောင်ငယ်များ ကျရောက်မှုကြောင့် လူကိုအန္တရာယ်မဖြစ်နိုင်စေရန်အတွက် ဩဂုတ်လ ၂၃ ရက်နေ့မှစ၍ ဩဂုတ်လ ၂၄ ရက်နေ့အထိ နှစ်ရက်တာ ကျောင်းပိတ်ပြီး ပိုးကောင်ငယ်များရှိသည့် သစ်ပင်များကို ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း လုပ်ဆောင်နေကြောင်း ဦးကိုကိုနိုင်က ပြောကြားသည်။

“ပိုးသတ်ဆေးဖျန်းတဲ့အခါမှာ အဆိပ်ငွေ့တွေရောသုံးပြီး ထနောင်းပင်ကြီးပေါ်မှာရော ပက်ဖျန်းရမှာဆိုတဲ့အခါကျတော့ ကျောင်းသူ၊ ကျောင်းသားတွေ ဒီဆေးနံ့နဲ့ကတော့ မဖြစ်ဘူးဆိုပြီး တာဝန်ခံကျောင်းအုပ်နဲ့တိုင်ပင်ပြီး ပိတ်ထားလိုက်တာ”ဟု ၎င်းကရှင်းပြသည်။

အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမ ၅၀ ကျော်နှင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၀၀၀ ကျော် ပညာသင်ကြားနေပြီ ယခင်က ယခုကဲ့သို့သောဖြစ်စဉ်မျိုး မဖြစ်ဖူးကြောင်း ကျားတက်ကျေးရွာ ဒေသခံများက ပြောဆိုသည်။

ယင်းအကောင်များသည် ဆိတ်သေနိုင်သည်အထိ အဆိပ်မရှိသော်လည်း လူကိုတုပ်ပါက ယားယံသည့်ဝေဒနာ ခံစားတတ်ရကြောင်း၊ ယင်းအကောင်ငယ်များသည် ယခုကာလ အပင်ရွက်နုထွက်သည့် အချိန်များတွင် ပေါက်ဖွားတတ်သည့် အကောင်များဖြစ်ပြီး ယင်းအကောင်များကို ပိုးသတ်ဆေးဖျန်းပြီး နှိမ်​နင်းနိုင်ကြောင်း ဆားလင်းကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မန်နေဂျာ ဒေါ်သဇင်အောင်က ပြောကြားသည်။

R-20