News

POST TYPE

NEWS

အကောင်းဆုံးအဖြေ
22-Aug-2018
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ သာမန်ထက်ထူးခြားတဲ့ အစီရင်ခံစာတစ်စောင် တင်သွင်းလာတာကို ကြားရပါတယ်။ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ ၆/၂၀၁၈ အစီရင်ခံစာပဲ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ၉.၈.၂၀၁၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့တာပါ။ အစီရင်ခံစာအကြောင်းအရာကတော့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရဲ့ တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနဲ့ပတ်သက်လို့ တင်ပြထားခြင်း ဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ ထူးခြားတယ်လို့ မဆိုနိုင်ပေမယ့် ဝန်ကြီးဌာနတစ်ခုရဲ့ တည်ဆောက်ရေးလုပ်ငန်း အချိန်မီမပြီးစီးလို့ လွှတ်တော်သို့ အစီရင်ခံစာ တင်ပြလာတာ၊ မပြီးစီးတဲ့ လုပ်ငန်းပမာဏ များပြားနေတာ၊ ဒီပြဿနာကို ဘယ်လိုအဖြေထုတ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

ဖော်ပြပါအစီရင်ခံစာနဲ့ ပတ်သက်လို့လည်း ပြည်ထောင်စုလွှတ်တော်မှာ ၁၅.၈.၂၀၁၈ ရက်နေ့က စတင်ဆွေးနွေးနေကြတယ်လို့လည်း သိရပါတယ်။ ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များအရ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေမှာ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအတွက် တည်ဆောက်ရေးလုပ်ငန်း ၂၅၈၀ ခု ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရပါတယ်။ ဒီတည်ဆောက်ရေးလုပ်ငန်းတွေကို တာဝန်ယူဆောက်ရွက်ပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံဦးစီးဌာနသို့ လုပ်ငန်း အပ်နှံဆောင်ရွက်စေခဲ့ရာမှာ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတဲ့ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့တဲ့ လုပ်ငန်းရပ် ၆၂၂ သာရှိကြောင်း ဖော်ပြထားပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၂၄ ဒသမ ၁၀ ကျော်သာ ပြီးစီးတာ တွေ့ရပါတယ်။ လုပ်ငန်း ၂၅၈၀ အတွက် ငွေပမာဏကတော့ ၁၃၃ ဘီလီယံကျော် ဖြစ်ပါတယ်။ အထက်ပါအချက်များကတော့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနဆိုင်ရာများ ဖြစ်ပါတယ်။

ဒါ့အပြင် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနဲ့ စည်ပင်သာယာရေးကော်မတီတို့ရဲ့ လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းအကောင်အထည်ဖော်မှုများကို စစ်ဆေးခဲ့ရာမှာ ၃၁.၃.၂၀၁၈ ရက်နေ့အထိ လုပ်ငန်းပြီးစီးမှု အခြေအနေများကိုလည်း ဖော်ပြထားပါတယ်။ လုပ်ငန်းရပ်ပေါင်းအနေနဲ့ ၉၁၄၂ ခု၊ ၃၁.၃.၂၀၁၈ ရက်နေ့အထိ ဆောင်ရွက်ပြီး လုပ်ငန်း ၅၂၅၈ ၊ ဆောင်ရွက်ဆဲ ၃၆၂၅၊ စတင်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်လုပ်ငန်း ၂၅၉ ခုဖြစ်တာ တွေ့ရပါတယ်။ ဒီမပြီးစီးသေးတဲ့လုပ်ငန်းတွေ၊ မစတင်ရသေးတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း စိစစ်ခဲ့ကြရာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အပ်နှံသောလုပ်ငန်းများဖြစ်ခြင်း၊ နှစ်ဆက်လုပ်ငန်းများဖြစ်ခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်သောလုပ်ငန်းများဖြစ်ခြင်း၊ နယ်မြေအခြေအနေ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့်ဖြစ်ခြင်း၊ နိုင်ငံခြားချေးငွေနဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ခြင်းတို့ကြောင့်လို့ ဆိုပါတယ်။ 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရဲ့ တည်ဆောက်ရေး လုပ်ငန်းများနဲ့ပတ်သက်လို့ စိစစ်ရာမှာ ဦးစီးဌာနအကောင်အထည်ဖော်ရေးအဖွဲ့များ၊ ကြီးကြပ်ရေးအဖွဲ့အဆင့်ဆင့်များ၊ တင်ဒါကော်မတီ၊ တင်ဒါ စိစစ်ရေးကော်မတီ စတဲ့လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သို့သော်လည်း လုပ်ငန်းအကောင်အထည်ဖော်ဖို့ တင်ဒါလုပ်ငန်းများ အချိန်မီမပြီးစီးခြင်း၊ ရန်ပုံငွေချထားပေးမှု နောက်ကျခြင်း၊ တည်ဆောက်ရေးကော်မတီရဲ့ ခွင့်ပြုချက်နောက်ကျခြင်း၊ နယ်မြေအခြေအနေ စတဲ့ အားနည်းချက်များ တွေ့ရတယ်လို့ သိရပါတယ်။

ယခင်က ပညာရေးဝန်ကြီးဌာနရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို ပညာရေးဝန်ကြီးဌာနကပဲ ကိုယ်တိုင်တာဝန်ယူတည်ဆောက်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာနများရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနကို အပ်နှံဆောင်ရွက်စေခဲ့ပါတယ်။ မည်သည့်ဌာနက တာဝန်ယူတည်ဆောက်သည်ဖြစ်စေ ယခုလို လုပ်ငန်းတွေ အချိန်မီမပြီးတာ၊ အရည်အသွေးမပြည့်မီတာ စတဲ့အားနည်းချက်တွေအတွက် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ မေးခွန်းကတော့ ထွက်ပေါ်လာပါပြီ။ ပြဿနာတစ်ရပ်ကို အပြစ်တင်ဝေဖန်နေရုံနဲ့ အဖြေမထွက်နိုင်ပါဘူး။ ဖြစ်စဉ်အမှန်ကိုသိမှ အဖြေအမှန်ကို ချဉ်းကပ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ယခုဖြစ်စဉ်မှာ ပညာရေးဝန်ကြီးဌာနမှာ တာဝန်ရှိတာလား၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ တာဝန်ရှိတာလား၊ ကန်ထရိုက်မှာ တာဝန်ရှိတာလား သို့မဟုတ်လား။ ဒါဆိုရင် ယခုလိုဖြစ်စဉ်မျိုး အခြားဝန်ကြီး ဌာနများမှာရော မရှိနိုင်ဘူးလား စဉ်းစားစရာပါ။

ဒီနေရာမှာ ဖြစ်စဉ်တစ်ခုကို ဖော်ပြလိုပါတယ်။ ပထမအကြိမ်လွှတ် တော်သက်တမ်းအတွင်းက ဖြစ်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းက မြစ်ရေတင်စီမံကိန်းအတွက် ရေသွယ်မြောင်းမကောင်းလို့ ပြင်ဆင်ဖို့ တောင်းခဲ့တာပါ။ အဲဒီအတွက် ဘတ်ဂျက်ငွေလည်း ခွင့်ပြုချက်ရခဲ့ပါတယ်။ အဲဒီဘတ်ဂျက်နဲ့ ရေသွယ်မြောင်းပြင်ခဲ့ပါတယ်။ မြောင်းလည်း ကောင်းသွားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရေသွယ်မြောင်းက အမှန်တကယ် အလုပ်မဖြစ်ပါဘူး။ အလုပ်မဖြစ်ရတဲ့အကြောင်းရင်းက မြစ်ရေတင်မပေးလို့ပါဘဲ။ မြစ်ရေတင်မပေးနိုင်လို့ ရေမစီးတဲ့မြောင်းကို ပြင်လိုက်တာပါ။ မြစ်ထဲကရေကိုတင်ဖို့ လျှပ်စစ်ဓာတ်အားနဲ့ မောင်းရပါတယ်။ လျှပ်စစ်ဓာတ်အားခက များတဲ့အတွက် မြစ်ရေတင်လိုက်တိုင်း ဌာနကအရှုံးပေါ်ပြီး ကုန်ကျစရိတ်မတတ်နိုင်လို့ ဆိုပါတယ်။ ဒါကြောင့် မဖြစ်မနေ ရေတင်ရမယ်ဆိုရင်လည်း အချိန်ခဏပဲ ရေလွှတ်ပေးတာပါ။ ဒီအတွက် သတ်မှတ်ရေပေးဧရိယာအတိုင်းလည်း မပေးနိုင်ပါဘူး။ ဒီလိုအချိန်မှာ ရေသွယ်မြောင်းအတွက် ပြင်ဆင်စရိတ်တောင်းခံခဲ့တာ အံ့ဩမိတာ အမှန်ပါပဲ။ ပြည်သူ့ဘဏ္ဍာ လေလွင့်မှုလို့ ဆိုရမှာပါ။ ဒီဖြစ်စဉ်ဟာ အသေးအဖွဲဖြစ်စဉ်လေးတစ်ခုသာ ဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာတွေ လေလွင့်နေသမျှ ပြည်သူများကတော့ ခါးစည်းခံနေကြရဦးမှာပါ။ 

နိုင်ငံတော်ဘတ်ဂျက်နဲ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းများရှိနေသလို နိုင်ငံတကာချေးငွေများနဲ့ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းများလည်း ရှိနေပါတယ်။ ယခုဆိုရင် နိုင်ငံတော်က ပြည်ပကြွေးမြီ ၃၁.၃.၂၀၁၈ ရက်နေ့အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံရှိနေပြီ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုတည်ဆောက်ဆဲ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်ပကြွေးမြီရယူကြတာ မထူးဆန်းလှပါဘူး။ သို့သော် ပြည်ပကြွေးမြီတွေကို ပြည်သူများအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုနိုင်ဖို့ လိုအပ်မှာပါ။ သို့မှသာ နိုင်ငံဝင်ငွေ တိုးတက်လာမှာဖြစ်ပြီး ပြည်ပကြွေးမြီဒဏ်ကို ခံနိုင်မှာဖြစ်ပါတယ်။ ပြည်ပကြွေးမြီနဲ့ စီမံကိန်းတွေကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ဘူးဆိုရင် မြွေပါလည်းဆုံး သားလည်းဆုံးပါလိမ့်မယ်။ ဒီလို နိုင်ငံတော်စီမံကိန်းတွေ၊ တည်ဆောက်ရေးလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ တာဝန်ယူနေကြတဲ့ အုပ်ချုပ်ရေးယန္တရားရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ထက်မြက်နေဖို့ လိုအပ်ပါလိမ့် မယ်။ သို့မဟုတ်ပဲ ခေါက်ရိုးကျိုးအမှားတွေကို မပြင်နိုင်သမျှ မရိုးနိုင်တဲ့ ဖြစ်စဉ်တွေ ရှိလာပါလိမ့်ဦးမယ်။

ဒီလို ထပ်ခါထပ်ခါဖြစ်နေရတဲ့ အားနည်းချက်က ဘာဖြစ်မလဲ။ ယခုလည်း တင်ဒါလုပ်ငန်းစဉ်မှာ အချိန်ကြန့်ကြာမှုတွေ တွေ့ရပါတယ်။ တင်ဒါလုပ်ငန်းစတင်ချိန်ကနေ လုပ်ငန်းအပ်နှံစာချုပ်ချိန်အထိ လုပ်ငန်းစဉ်တွေကို လက်တွေ့သွားရောက်လေ့လာသင့်ပါတယ်။ အခြေအနေအမှန်ကို သိစေချင်လို့ပါ။ လွှတ်တော်ကော်မတီများအနေနဲ့လည်း သွားရောက်စိစစ်ဖို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုပါတယ်။ ဒါမှသာ အုပ်ချုပ်ရေးယန္တရားစနစ်ရဲ့ အားသာချက်၊ အားနည်းချက်များကို သိရမှာပါ။ အားနည်းချက်များအတွက် အပြစ်ပေးခြင်း၊ အရေးယူခြင်းများကို ဥပဒေနဲ့အညီ လုပ်ဆောင်ကြရမှာဖြစ်ပေမယ့် အားနည်းချက်ဖြစ်ရတဲ့ ဇာစ်မြစ်ကိုလည်း ဖြေရှင်းပေးဖို့ လိုပါလိမ့်မယ်။ ဌာနတွေရဲ့ လေးလံနေတဲ့နေရာ၊ ပျက်စီးနေတဲ့နေရာ၊ စွမ်းရည်အားနည်းနေတဲ့နေရာ၊ ပိုနေ၊ လိုနေတဲ့နေရာတွေကို ဝန်ကြီးဌာနတွေကို ဦးဆောင်နေတဲ့ ဝန်ကြီးများကိုယ်တိုင် သိရှိဖို့၊ စီမံခန့်ခွဲဖို့၊ ကြီးကြပ်ဖို့ တာဝန်ရှိပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ကို အဓိကမောင်းနှင်နေတဲ့ ဗျူရိုကရေစီ ယန္တရားသွက်လက်မြန်ဆန်နေမှသာ ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေ ဖြစ်လာပါလိမ့်မယ်။ ဗျူရိုကရေစီယန္တရားစနစ် ကောင်းမွန်ဖို့ လုပ်ရမယ့် သဘောတရားတွေ၊ လုပ်ငန်းစဉ်တွေ သိကြပါတယ်။ ဒါပေမဲ့ ပြောင်းကြဖို့၊ ပြင်ကြဖို့ အားနည်းလျက်ရှိပါသေးတယ်။ တာဝန်အရှိဆုံးသူများကိုယ်တိုင်က မားမားမတ်မတ် ဦးဆောင်သွားကြမယ်ဆိုရင် အရွေ့တစ်ခုကို မဖြစ်မနေ ရောက်မယ်လို့ ယုံကြည်ပါတယ်။

အထက်မှာဖော်ပြခဲ့သလို ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကတော့ အစီရင်ခံစာတင်သွင်းလိုက်သလို ဥပဒေပြုရေးမဏ္ဍိုင်က ကိုယ်စားလှယ်များကလည်း အကြံပြုတိုက်တွန်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီအပေါ်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်အနေနဲ့ ဘယ်လိုများကိုင် တွယ်ဆောင်ရွက်မလဲဆိုတာကတော့ စိတ်ဝင်စားမိပါတယ်။ ပြည်သူများအတွက်၊ ဌာနများ ရေရှည်ခိုင်မာစေရေးအတွက်၊ ပုဂ္ဂလိကလုပ်ငန်း ရေရှည်တိုးတက်ရေးအတွက် စတဲ့အခက်အခဲများကြားက အကောင်းဆုံးအဖြေတစ်ခု ရရှိနိုင်ပါစေကြောင်း မျှော်မှန်းမိပါတယ်။

သိန်းထွန်း (IR)