News

POST TYPE

NEWS

နမ့်ခမ်းတွင် ရှမ်းအမျိုးသမီးကိုဖမ်းဆီးမှု ဥပဒေချိုးဖောက်ခြင်းကြောင့်ဟု TNLA ပြောကြား
22-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းတွင် တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) က နမ့်ခမ်းမြို့နေ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားခြင်းသည် ဥပဒေအရ အရေးယူရန် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းတွင် TNLA အဖွဲ့မှ နမ့်ခမ်းမြို့နယ် ဟိုနောက် ရပ်ကွက်နေ စိုင်းစောရွှေ (ခေါ်) စိုင်းလောင်ဝမ်း၏ဇနီးဖြစ်သူ နမ်းမိုဟွမ်ကို သေနတ်ဖြင့် ချိန်ရွယ်ကာ လာရောက်ဖမ်းဆီးသွားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်၍ နမ့်ခမ်းလူငယ်များကွန်ရက်နှင့် ဒေသခံအဖွဲ့အစည်းများက TNLA ၏ အထက်ပါလုပ်ရပ်အပေါ် ကန့်ကွက်သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ အမျိုးသမီးသည် TNLA ၏ ဥပဒေတစ်ရပ်ကို ချိုးဖောက်ခဲ့၍ TNLA ဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး လုံခြုံရေးနှင့်ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ထားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြားသည်။

“ဘယ်ဥပဒေကို ချိုးဖောက်တယ်လို့တော့ ထုတ်ဖော်ပြောလို့ မရဘူး။ ပြောလို့ရတာက ဒီကိစ္စကို အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မြောက်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့ကိုလည်း ဒေသခံများက အကူအညီတောင်းခံခဲ့ပြီး SSPP အနေနှင့်လည်း TNLA နှင့် ဆက်သွယ်နေကြောင်း ပြောကြားထားသည်။

လာရောက်ဖမ်းဆီးသည့်အချိန်တွင် သေနတ်ဖြင့်ချိန်ကာ နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည့်အပြင် နေအိမ်တွင် တပ်ဆင်ထားသည့် မှတ်တမ်းတင်ဗီဒီယိုများကို ဖျက်ဆီးကာ မန်မိုရီ ဟတ်ဒစ်များကိုလည်း ယူဆောင်သွားခဲ့ကြောင်း နမ့်ခမ်းလူငယ်များကွန်ရက်ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်သည် ပြည်သူလူထု၏ အသက်အန္တရာယ်လုံခြုံမှုကို ထိခိုက်သဖြင့် ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ကိုလည်း နမ့်ခမ်းလူငယ်ကွန်ရက်က ထုတ်ပြန်ခဲ့သည်။

တအာင်းပလောင် (TNLA) လက်နက်ကိုင်အဖွဲ့သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ပါဝင်နေပြီး တပ်မတော်အပါအဝင် NCA ထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့နှင့်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

J-08