News

POST TYPE

NEWS

ပြည်မြို့တွင် အိုးပုတ်ပွဲတော်ပြုလုပ်
19-Aug-2018

ပြည်၊ ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ပထမဆုံးအကြိမ် အိုးပုတ်ပွဲတော်ကို ဩဂုတ်လ ၁၈ ရက်မှစတင်ကာ နှစ်ရက်ကြာပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲကျင်းပသူ ဒေါ်အေးသန္တာဆန်းက ပြောကြားသည်။

ပြည်မြို့၊ နဝဒေးရပ်ကွက်ရှိ ဝါးကမ္ဘာ စားဥယျာဉ်အတွင်း ပြုလုပ်ခဲ့ပြီး မန္တလေးမှ မှာယူထားသော အိုးပုတ်များနှင့် ပြည်ဒေသထွက် အိုးပုတ်များကို ရောင်းချပေးခဲ့ကာ ပြည်မြို့နယ်နှင့် အနီးတစ်ဝိုက်ကျေးရွာများမှ လာရောက်လည်ပတ်ခဲ့ပြီး ၂ ရက်တွင်း လူတစ်သောင်းခန့် ဝင်ရောက်ခဲ့ကြောင်း ၎င်းထံမှ သိရှိရသည်။

“မန္တလေးက အိုးပုတ်ပွဲကို အရမ်းစိတ်ဝင်စားတယ်။ သွားလည်းသွားချင်တယ်။ ဒါပေမဲ့မသွားဖြစ်ကြဘူး။ ကျွန်မတို့လို သွားချင်ပြီးတော့ မသွားနိုင်တဲ့သူတွေအတွက် ရည်ရွယ်ပြီးတော့ ပြုလုပ်တာပါ”ဟု ဒေါ်အေးသန္တာဆန်းကဆိုသည်။

လက်ရှိတွင် ကလေးငယ်များမှာ ရိုးရာဖြစ်သည့် အိုးပုတ်ပစ္စည်းလေးများနှင့် ထိတွေ့မှုနည်းသွားပြီး ကလေးများရိုးရာ ကစရားစရာဖြစ်သည့် အိုးပုတ်နှင့် ထိတွေ့နိုင်ရန် ရည်ရွယ်ခြင်းလည်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကလေးတွေကို မန္တလေးလို အဝေးကြီးက ဒီလိုအိုးပုတ်ပွဲ လိုက်ပို့ပေးဖို့လည်း မလွယ်ဘူး။ သူတို့လည်း ဒီအိုးပုတ်ကစားစရာလေးတွေ စိတ်ဝင်စားကြလို့ ပို့ဖြစ်တာပါ”ဟု အဆိုပါ ပွဲသို့လာရောက်လည်ပတ်သည့် ကလေးမိခင်တစ်ဦးက ပြောဆိုသည်။

အိုးပုတ်၊ စုဘူး၊ ကစားစရာ ကျွဲရုပ်၊ နွားရုပ် စသဖြင့် မြေမီးဖုတ်နှင့် စဉ့်ဖြင့် ပြုလုပ်ထားသည့် အမျိုးအစားအစုံအလင် ပါဝင်သော အိုးပုတ်အရေအတွက် လေးသောင်းခန့်ကိုရောင်းချပေးခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ယခုပြည်မြို့ အိုးပုတ်ပွဲတော်ကို မန္တလေးတွင်ကျင်းပသော အိုးပုတ်ပွဲတော်နှင့် တစ်ချိန်တည်း ကျင်းပခဲ့ခြင်းဖြစ်ပြီး နောက်နှစ်များတွင်လည်း ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း ပွဲကျင်းပသူများထံမှ သိရှိရသည်။

M-06