News

POST TYPE

NEWS

မြောက်ကိုရီးယားခေါင်းဆောင်က လူဆိုးဓားပြဆန်ဆန် အရေးယူပိတ်ဆို့မှုများကို ထိုးနှက်ဝေဖန်
19-Aug-2018


ပြုံယမ်း၊ ဩဂုတ် ၁၅

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ် လုံးဝရပ်ဆိုင်းရေးအတွက် အမေရိကန်ဘက်မှ ဖိအားဆက်ပေးရန် ကြိုးစားနေမှုကြောင့် ယင်းကဲ့သို့ လူဆိုးဓားပြဆန်ဆန် အရေးယူပိတ်ဆို့မှုများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ထိုးနှက်ဝေဖန်ပြောဆိုလိုက်သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက သောကြာနေ့တွင် ကြေညာသွားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ခေါင်းဆောင်လေးကင်နှင့် အမေရိကန်သမ္မတထရမ့်တို့သည် ဇွန်လက စင်ကာပူတွင် မကြုံစဖူး တစ်ဆစ်ချိုး ပြောင်းလဲမှုတစ်ခုအဖြစ် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့ကြပြီး ထရမ့်က သမိုင်းတွင်မည့် အပြောင်းအလဲဟု ပုံဖော်ပြောဆိုခဲ့သည်။ 

သို့ရာတွင် ထိုနောက်ပိုင်းတွင် ပြောင်းလဲတိုးတက်မှု အနည်းငယ်သာရှိခဲ့ပြီး လုံးဝဥဿုံ ပြန်မလှန်နိုင်သော စိတ်ချရသည့် လက်နက်ဖြုတ်သိမ်းရေးအတွက် ဝါရှင်တန်က ဂိုဏ်းစတားဆန်ဆန် ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်နေသည်ဟု ပြုံယမ်းဘက်မှ ပြစ်တင်စွပ်စွဲခဲ့သည်။

ဝါရှင်တန်သည် ပြုံယမ်းအစိုးရကိုပစ်ပယ်ပိတ်ဆို့ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိအားပေးလျက်ရှိပြီး ပြုံယမ်းနှင့် ဆက်ဆံနေသောတရုတ်နှင့် ရုရှားကုမ္ပဏီများအပေါ် အရေးယူသည့် အစီအစဉ်များကို ယခုအပတ်အတွင်း ကြေညာခဲ့သည်။

ဝမ်ဆန်ကာလ်မာ အပန်းဖြေကမ်းခြေတည်ဆောက်မှုစီမံကိန်းကို သွားရောက်စစ်ဆေးစဉ် ခေါင်းဆောင်လေးကင်က မြောက်ကိုရီးယားပြည်သူများကို အသက်ရှူကျပ်အောင် ပိတ်ဆို့ရန် ကြိုးစားနေသည့် လူဆိုးဓားပြဆန်ဆန် အရေးယူမှုများကို တိုက်ခိုက်ဝေဖန်လိုက်သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ကြေညာခဲ့သည်။

သို့ရာတွင် ခေါင်းဆောင်လေးကင်သည် အမေရိကနှင့် ဆက်ဆံရေးကဏ္ဍသစ်ကို ထိန်းသိမ်းရန် လိုလားနေပုံရပြီး နိုင်ငံအမည်တပ်၍ ဝေဖန်ခြင်းကို ရှောင်ရှားခဲ့သည်ဟု သိရှိရသည်။

ဝမ်ဆန်ကာလ်မာသည် မြောက်ကိုရီးယားအရှေ့ဘက်ကမ်းခြေရှိ ကြီးမားသော အပန်းဖြေစီမံကိန်းတစ်ခုဖြစ်ပြီး လာမည့်နှစ် အောက်တိုဘာလ ၁၀ ရက် မတိုင်မီ အဆင်သင့် ပြီးစီးစေရန် ကင်က ညွှန်ကြားထားသည်။ 

အောက်တိုဘာ ၁၀ ရက်သည် အာဏာရအလုပ်သမားပါတီ စတင်ထူထောင်ခြင်းအထိမ်းအမှတ်နေ့ဖြစ်သောကြောင့် မြောက်ကိုရီးယားတွင် အရေးပါသော အားလပ်ရက်ဖြစ်သည်။ 

F-04