News

POST TYPE

NEWS

မူအားဖြင့် ခွင့်ပြုထားသည့် အထပ်မြင့် အဆောက်အအုံ ၁၅၅ လုံးကို ဇူလိုင်လကုန် အပြီးသတ်စစ်မည်
25-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၄

ခေတ္တရပ်ဆိုင်းခံရသည့် မူအားဖြင့် ခွင့်ပြုထားသည့် အထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးအနက် ယခုအခါ အလုံး ၃၀ စစ်ဆေးပြီး ဖြစ်၍ ကျန်ရှိသည့် ၁၅၅ လုံးကို လာမည့်အပတ်တွင် အပြီးသတ် စစ်ဆေးကာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ တင်ပြသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အထပ်မြင့် ၁၈၅ လုံးကို ဇူလိုင် ဒုတိယပတ်မှ စတင်စစ်ဆေးခဲ့ပြီး ယင်းအဆောက်အအုံထဲမှ အဆောက်အအုံ ၃၀ လုံးကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ တင်ပြထားပြီး စစ်ဆေးပြီးစီးခဲ့သည့် အလုံး ၂၀ ကို ဆောက်လုပ်ခွင့်မိန့် ရရှိရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြ လျှောက်ထားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
“ပါမစ်ကြီး မရသေးတဲ့ မူအားဖြင့် ခွင့်ပြုထားတဲ့ အလုံး ၂၀ ကို စစ်ဆေးပြီးလို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အဲဒီအလုံး ၂၀ ကို ဇူလိုင် ၂၂ ရက်မှာ စည်ပင်ကို စာပို့ထားပါတယ်။ နောက်ထပ် ၁၀ လုံး စစ်ဆေးပြီးလို့ အခုတိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်” ၎င်းက ဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အမြန်ဆုံး ပြန်လည်ဆောက်လုပ်ခွင့် ရရှိနိုင်ရန် အင်္ဂါနေ့နှင့် သောကြာနေ့တွင် အပတ်တိုင်း စစ်ဆေးလျက်ရှိပြီး စစ်ဆေးပြီးသမျှ အဆောက်အဦးများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြပြီး တိုင်းအစိုးရအဖွဲ့မှ ဆုံးဖြတ်ကာ ရန်ကုန်မြို့တော်စည်ပင်မှ ချက်ချင်းထုတ်ပြန်ပေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ဆိုသည်။

အထပ်မြင့် အဆောက်အဦး စစ်ဆေးမှုများ ပြုလုပ်ရန် တိုင်းအစိုးရက ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အဦများ ဆောက်လုပ်မှု စိစစ်ရေး ကော်မတီကို ဖွဲ့စည်းပေးထားပြီး ယင်းအဖွဲ့တွင် သက်ဆိုင်ရာမြို့နယ်က တိုင်းလွှတ်တော် ကိုယ်စားလှယ်၊ စည်ပင်သာယာ၊ ရပ်မိရပ်ဖ၊ သက်ဆိုင်ရာ အာဏာပိုင်များ၊ အသင်းအဖွဲ့များနှင့် ပညာရှင်များ ပါဝင်သည်။