News

POST TYPE

NEWS

Re-Export လိုင်စင်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သည့်အတွက် သကြားဈေးတက်
19-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၈

ဒေါ်လာဈေးနှုန်းများ မြင့်တက်နေပြီး နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ်ဖြစ်နေသည့်အတွက် ပြည်ပမှ ဒေါ်လာနှင့် ဝယ်ယူတင်သွင်းပြီး ပြန်လည်တင်ပို့ခွင့် လိုင်စင် (Re-Export) ထုတ်ပေးမှုကို ယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့် Re-Export အဓိကကုန်ပစ္စည်း သကြားဈေးနှုန်း မြင့်တက်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။

သကြားဈေးသည် ဩဂုတ် ၁၇ ရက် နေ့ကထက် ၅၀ ကီလိုတစ်အိတ်လျှင် ၂၂ ယွမ်ခန့် (ကျပ် ၄၇၀၀ ကျော်) အထိမြင့်တက်ပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ယင်းကုန်စည်ဈေးကွက်အတွင်းရှိ Re-Export ကုန်သည်များက ပြောကြားသည်။

“ထပ်တက်နိုင်တယ်။ ကုန်သည်ကြီးတွေက သကြားကို ကိုင်ထားကြတယ်”ဟု သကြားကို Re-Export တင်ပို့နေသည့် ကုန်သည်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။ 

Re-Export ပါမစ်ဖြင့်လျှောက်ထားရာတွင် အသစ်လျှောက်ထားသည့် လိုင်စင်များကိုသာ ဩဂုတ်လ ၁၇ ရက်နေ့မှစတင်၍ ပိတ်လိုက်ခြင်းဖြစ်သော်လည်း ယခင်ကခွင့်ပြုပေးထားသည့် ပါမစ်များကိုမူ ဆက်လက်တင်သွင်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“ငွေလဲနှုန်းမတည်ငြိမ်လို့ ပိတ်လိုက်တာပါ။ ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာတော့ မသိသေးဘူး”ဟု ယင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောဆိုသည်။

လတ်တလော အဓိက နယ်စပ်ကုန်သွယ်ရေးဇုန်များမှတစ်ဆင့် တင်ပို့နေသော Re-Export ပို့ကုန်များဖြစ်သည့် သကြားနှင့် စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းအားလုံးကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လတ်တလော Re-Export ပါမစ်ဖြင့် တင်သွင်းခွင့်ပြုထားသည့် သကြားတန်ချိန် ၇ သိန်းမှ ၈ သိန်းဝန်းကျင်ကြားရှိနေပြီး ပြည်ပသို့သကြားတန်ချိန် ၃ သိန်း ခန့်ပြန်လည်တင်ပို့ထားကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိမူဆယ်နယ်စပ် သကြားဈေးနှုန်းသည် ၅၀ ကီလိုတစ်အိတ်လျှင် ယွမ် ၁၉၂ ခန့် (ကျပ် ၄၁၅၀၀ ကျော်) ဈေးရှိကြောင်း အဆိုပါ နယ်စပ်ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။

S-04


  • VIA