News

POST TYPE

NEWS

ကမ္ဘာ့အဆင်းရဲဆုံး ဥရုဂွေးသမ္မတဟောင်း ဂျို့စ် ပင်စင်ခံစားခွင့် မယူလိုဟု ငြင်းပယ်
17-Aug-2018



မွန်တီဗီဒီယို၊ ဩဂုတ် ၁၆

ရိုးရှင်းစွာ ပြုမူနေထိုင်တတ်သည့် အကျင့်စရိုက်ကြောင့် ကမ္ဘာ့အဆင်းရဲဆုံး သမ္မတဟု သတ်မှတ်ခံထားရသော ဥရုဂွေးနိုင်ငံ၏ သမ္မတဟောင်း ဂျို့စ်မူဂျီကာက ၎င်းအနေနှင့် ဆီနိတ်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့်ရရှိမည့် ပင်စင်ခံစားခွင့်ကို ရယူလိုခြင်းမရှိဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

သမ္မတဟောင်း ဂျို့စ်မူဂျီကာသည် အင်္ဂါနေ့က ဥရုဂွေးနိုင်ငံ၏ ဆီနိတ်တာ ရာထူးမှနုတ်ထွက်ခဲ့သည်။ ၎င်းသည် ငါးနှစ်တာ သမ္မတသက်တမ်းကုန်ဆုံးခဲ့ချိန် ၂၀၁၅ ခုနှစ်တွင် ဆီနိတ်တာအဖြစ် လုပ်ကိုင်ခဲ့သည်။

သမ္မတဟောင်း ဂျို့စ်မူဂျီကာက ၂၀၂၀ ပြည့်နှစ်အထိ ဆီနိတ်တာအဖြစ် ဆက်လက်ထမ်းဆောင်လိုခြင်း မရှိတော့ကြောင်း၊ အကြောင်းမှာ ၎င်းအနေနှင့် နိုင်ငံရေး ခရီးရှည်ကြီးကို ဖြတ်လျှောက်ခဲ့ရသည်မှာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကြောင်း ပြောကြားသည်။ 

ယခင်လက်ဝဲသူပုန် ဖြစ်ခဲ့ဖူးသူ သမ္မတဟောင်း ဂျို့စ်မူဂျီကာသည် ယခုအခါ အသက် ၈၅ နှစ်အရွယ်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းသည် အခြားကမ္ဘာ့ခေါင်းဆောင်များ၏ လူနေမှုပုံစံနှင့်မတူဘဲ ရိုးရှင်းလွန်းသည့်ပုံစံဖြင့် နေထိုင်ခြင်းကြောင့် ကမ္ဘာ့အဆင်းရဲဆုံးသမ္မတအဖြစ် သတ်မှတ်ခံခဲ့ရသည်။ 

၎င်းသည် နိုင်ငံတော်ကချပေးသည့် ဇိမ်ခံအိမ်အကောင်းစားတွင် နေထိုင်ခြင်းမရှိဘဲ ဇနီးဖြစ်သူပိုင်ဆိုင်သော လယ်တောထဲက သာမန်အိမ်ကလေးတွင်သာ နေထိုင်သည်။ သမ္မတဟောင်း ဂျို့စ်မူဂျီကာနှင့် သူ၏ဇနီးဖြစ်သူတို့သည် ယာတောအိမ်ထဲတွင် သစ်ပင်ပန်းပင်များ စိုက်ပျိုးလေ့ရှိသည်။ 

ဥရုဂွေးဆီးနိတ်လွှတ်တော်သို့ ပေးပို့သောစာတွင် သမ္မတဟောင်းဂျို့စ်မူဂျီကာက “ယခုလို ဆီနိတ်တာအဖြစ်မှ နုတ်ထွက်ရခြင်းသည် မိမိ၏ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်သာဖြစ်သည်။ ခရီးရှည်ကြီးဖြတ် သန်းခဲ့ရပြီးနောက် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်၏စိတ်ဓာတ် အလုပ်လုပ်နေသရွေ့ အိုင်ဒီယာတိုက်ပွဲများမှ နုတ်ထွက်မည်မဟုတ်သလို စည်းလုံးညီညွတ်မှုမှလည်း နုတ်ထွက်သွားမည်မဟုတ်ပေ”ဟု ရေးသားဖော်ပြထားသည်။ 

သမ္မတဟောင်း ဂျို့စ်မူဂျီကာသည် စကားပြောဆိုရာတွင် တုတ်ထိုးအိုးပေါက် တည့်တိုးပြောဆိုတတ်သူလည်း ဖြစ်သည်။ သို့အတွက်ကြောင့် နိုင်ငံရေးအလုပ်များ လုပ်ကိုင်ခဲ့စဉ် လုပ်ဖော်ကိုင်ဖက်များနှင့် အငြင်းအခုံပြုလုပ်ရာ၌ စကားအမှားအယွင်းရှိခဲ့မည်ဆိုပါက တောင်းပန်ပါကြောင်းလည်း ယင်းစာတွင် ဖော်ပြထားသည်။ 

သမ္မတဟောင်း ဂျို့စ်မူဂျီကာ ၂၀၁၃ ခုနှစ်တွင် ထိုစဉ်က အာဂျင်တီးနားသမ္မတ မစ္စခရစ္စတီးနားဖာနန်ဒက်ဇ် ဒီကရစ်ချာကို စုန်းမအိုကြီးဟု ခေါ်ဆိုခဲ့သလို သူမ၏ ခင်ပွန်း အာဂျင်တီးနားသမ္မတဟောင်း နက်စတာကရစ်ချာကိုလည်း အမြင်မှန်မရှိသူဟု ပြောဆိုခဲ့ခြင်းကြောင့် တောင်းပန်ခဲ့ရဖူးသည်။ 

ထိုစဉ်က အစည်းအဝေးခန်းမထဲတွင် မိုက်ကရိုဖုန်းဖွင့်ထားသည်ကို သတိမထားမိဘဲ ယင်းသို့ သုံးသပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

သို့သော် သမ္မတဟောင်းဂျို့စ်မူဂျီကာသည် ရိုးရှင်းနှိမ်ချလွန်းသည့် လူနေထိုင်မှုပုံစံဖြင့် နေထိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းတွင် နာမည်ကျော်ကြားသည်။

F-01