News

POST TYPE

NEWS

နိုင်ငံသားကတ်သည် နိုင်ငံတော်၏ အချုပ်အခြာကို ပေးလိုက်ရခြင်း ဖြစ်၍ အရေးကြီးဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဆို
25-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၄

နိုင်ငံသားဖြစ်ခွင့် ကတ်ပြား ပေးအပ်လိုက်ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပေးအပ်လိုက်ရခြင်းနှင့် ထပ်တူဖြစ်သောကြောင့် အရေးကြီးသည်ဟု ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ရန်ကုန်မြို့ရှိ Dolphin ခန်းမတွင် ပြုလုပ်သော ရခိုင်အမျိုးသားပါတီ (ANP) ၏ ၁၉၈၂ နိုင်ငံသား ဥပဒေအပေါ် သဘောထားအမြင် ရှင်းလင်းပွဲအပြီးတွင် ၎င်းက ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံသားကတ်ပြား ရရှိထားသော နိုင်ငံသားတစ်ဦးသည် ရွေးကောက်ပွဲ ဝင်ရောက်နိုင်ခြင်း၊ မဲပေးခွင့် ရရှိခြင်း စသည်တို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရရှိလိုက်ခြင်းပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
“ဒီလိုမျိုး မြန်မာနိုင်ငံမှာ လူမျိုးတစ်မျိုးကို နိုင်ငံသားပြုခွင့် ပေးခြင်းကို ပြောနေရခြင်းက ဒီနိုင်ငံရဲ့ Identity ပျောက်သွားမှာ စိုးရိမ်လို့” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်အစိုးရ အနေနှင့် လက်ရှိတွင် ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်အညီ စိစစ်သည့် လုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် နိုင်ငံသားအဖြစ် ပေးအပ်မည့်သူများ ရရှိမည့် အခွင့်အရေးများနှင့် နိုင်ငံသားပြုခွင့် မပေးသင့်သူများကို မည်သို့ အရေးယူ ဆောင်ရွက်သွားမည်တို့ကို လူထုယုံကြည်မှု ရရှိအောင် ချပြရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးမောင်က ပြောသည်။

အလားတူ လက်ရှိအစိုးရသစ် အနေဖြင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကို အင်အားတိုးချဲ့ပေးရန်နှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။

“လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှာ အမျိုးသားမှတ်ပုံတင် ဦးစီးဌာနဆိုပြီး သီးသန့်ရှိဖို့ လိုအပ်တယ်၊ အမျိုးသားမှတ်ပုံတင်ရေးကိုလည်း သီးသန့်လုပ်ဖို့ လိုအပ်တယ်၊ ဒီဝန်ကြီးဌာနမှာက ပေးလိုက်တဲ့ နိုင်ငံသားကဒ်တွေဟာ ဥပဒေကို ချိုးဖောက်မှုတွေ ရှိနေရင် ဝန်ထမ်းဖြစ်ဖြစ်၊ နိုင်ငံသားပြုသူဖြစ်ဖြစ် အရေးယူဖို့ လိုအပ်တယ်” ဟု ၎င်း၏ အမြင်ကို ဆက်လက်ပြောဆိုသည်။

ထို့ပြင် ရခိုင်အမျိုးသားပါတီ၏ ၁၉၈၂ နိုင်ငံသား ဥပဒေအပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ၏ အရေးကြီးကြောင်းကို သိရှိစေလိုခြင်း တစ်ခုသာ ဖြစ်ကြောင်း  ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။
“ဒီပွဲသည် အမုန်းတရား (Hate Speech) ဖြန့်ဝေတဲ့ပွဲလည်း မဟုတ်ဘူး၊ လူမျိုးတစ်မျိုး ဘာသာတစ်ခု စော်ကားတဲ့ပွဲလည်း မဟုတ်ဘူး၊ ကိုယ်နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ မက်ဆေ့ပေးချင်တဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

ရခိုင်အမျိုးသားပါတီမှ ပြုလုပ်သည့် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံရေးပါတီများ၊ ဥပဒေ ပညာရှင်များနှင့် လူမှုအဖွဲ့အစည်းများ တက်ရောက်ကာ ဆွေးနွေးခဲ့ကြသည်။