News

POST TYPE

NEWS

ဒုက္ခသည်များ ပြန်ဝင်လာရန်အတွက် ကောင်းမွန်သောအခြေအနေများ ဖန်တီးပေးရန်လိုဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော
13-Aug-2018


စစ်တွေ၊ ဩဂုတ် ၁၂ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာရန်အတွက် ကောင်းမွန်သောအခြေအနေများ ဖန်တီးပေးရန် လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali က ပြောသည်။ 

“ကောင်းမွန်တဲ့ အခြေအနေကို ပြန်လည်ဖန်တီးဖို့လိုတယ်။ မဟုတ်ရင် သူတို့မလာဘူး။ တချို့ကလည်း အဆင်သင့် ဖြစ်နေပါပြီ၊ ပထမအချက်ကတော့ သူတို့ မူလနေရာတွေမှာ ပြန်လည်နေရာချပေးဖို့လိုတယ်”ဟု Mr. Abul Hassan Mahmood Ali က ပြောသည်။

အဆိုပါ နိုင်ငံခြားရေးဝန်ကြီး အဖွဲ့သည် ဩဂုတ်လ ၁၁ ရက်က မောင်တောမြို့နယ်ရှိ လက်ခံရေးစခန်းနှင့် လှဖိုးခေါင် ယာယီကြားစခန်း၊ ပန်းတောပြင် ဘင်္ဂါလီကျေးရွာ၊ ကိုင်ကြီး စသည့်နေရာများ၌ ပြန်လည်နေရာချထားပေးရေးအတွက် တည်ဆောက်နေကြသော နေအိမ်များများကို သွားရောက်ကြည့်ရှုခဲ့ပြီး စစ်တွေ မြို့သို့ ပြန်လည်ရောက်ရှိကာ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးတွင် ယင်းသို့ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေနှင့် နေရပ်စွန့်ခွာသူများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံသဘောတူ စာချုပ်ချုပ်ဆိုထားသည့်အပြင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက်လည်း UNDP၊ UNHCR တို့နှင့်လည်း နားလည်မှု စာချွန်လွှာရေး ထိုးထားသည့်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့ကလည်း နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေး၌ ၂၀၁၇ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာကြသူများ ပြန်လက်ခံရေး အကောင်အထည်ဖော်မှု အစီအစဉ် ၈ ချက်ကို သဘောတူခဲ့သည်။ 

R-22


  • VIA