News

POST TYPE

NEWS

လူငယ်ပွဲတော်မတိုင်မီ မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ ခွေးများကို သုတ်သင်
12-Aug-2018
မန္တလေး၊ ဩဂုတ် ၁၁

လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော် ကျင်းပမည့် မန္တလေးတက္ကသိုလ်ဝင်းအတွင်းမှ ခွေးများကို မြို့တော်စည်ပင်က ပွဲတော်မကျင်းပမီ သုတ်သင်ရှင်းလင်းခဲ့ကြောင်း အဆိုပါတက္ကသိုလ်တွင် ပညာသင်ယူနေသူများက ပြောဆိုသည်။

ကျောင်းတက်စဉ် ကာလ ၂ နှစ်ကျော်အတွင်း ယခုကဲ့သို့ခွေးများကို ရှင်းလင်းဖယ်ရှားသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ရူပဗေဒ ဒုတိယနှစ်ကျောင်းသား ကိုအောင်ကျော်ဇောက ပြောကြားသည်။

“စားသောက်ဆိုင်တန်းလမ်းပေါ်မှာရှိတဲ့ ခွေးတွေက လိမ္မာပါတယ်။ ဆိုင်ထိုင်ရင် လက်နဲ့တို့ပြီး အစာတောင်းတဲ့ ခွေးလေးတွေပါ။ အခုလို အဆိပ်ပစ်သတ်တာတော့ အရမ်းရက်စက်လွန်းတယ်”ဟု ၎င်းကပြောဆိုသည်။

ယခုကဲ့သို့ ရှင်းလင်းမည့်အစားအခြား ထိရောက်သော နည်းလမ်းတစ်ခုဖြင့် ဆောင်ရွက်ရန် စဉ်းစားသင့်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ လာရောက်မည်ဆိုသောကြောင့် ခွေးများရှင်းလင်းခံရခြင်းသည် ယခင်ကဲ့သို့ပင် လတ်တလောအခြေအနေကို ဖြေရှင်းသည့်နည်းလမ်းသာ ဖြစ်နေကြောင်း ကိုအောင်ကျော်ဇောက ထပ်မံပြောကြားသည်။ 

တက္ကသိုလ်အတွင်း၌ ခွေးလေခွေးလွင့်များ သောင်းကျန်းနေသည့်အတွက် ရှင်းလင်းပေးရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ အကူအညီတောင်းသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ယင်းကော်မတီ၊ သန့်ရှင်းရေးဌာန၊ ဒုဌာနမှူး ဦးစိုးတင့်အောင်က ပြောဆိုသည်။

“ဒုပါချုပ်တောင် ခွေးကိုက်ခံရတယ်။ ခွေးတွေက အများကြီးဖြစ်နေတယ်။ ရှင်းပေးပါဆိုပြီး အင်ဂျင်နီယာမှူးလား အင်ဂျင်နီယာချုပ်လား မသိဘူးပြောလို့ တာဝန်ခံတွေက ရှင်းပေးရတာ။ ရှင်းပေးပါဆိုတော့ စည်ပင်က မရှင်းလို့မရဘူး”ဟု ၎င်းက ရှင်းပြသည်။

မန္တလေးတက္ကသိုလ်အတွင်း လေးထပ်ဆောင်ပတ်ဝန်းကျင်နှင့် စားသောက်ဆိုင်တန်းလမ်းတစ်လျှောက်တွင် ခွေး ၁၅ ကောင်ခန့်ရှိခဲ့ရာမှ ယခုအခါ သားပေါက်များရှိနေသော ခွေးမကြီးသာ ကျန်ရှိတော့ကြောင်း အဆိုပါတက္ကသိုလ်တွင် ပညာသင်ယူနေသူများထံမှ သိရသည်။

မန္တလေးတက္ကသိုလ်တွင် ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော် ကျင်းပမည်ဖြစ်ရာ ဖွင့်ပွဲရက်ဖြစ်သည့် ဩဂုတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ ပါဝင်သော စာပေစကားဝိုင်း ကျင်းပခဲ့သည်။

တက္ကသိုလ်အတွင်းရှိ ခွေးလေခွေးလွင့်များကို အဆိပ်ချရှင်းလင်းခဲ့သည်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများလည်းရှိနေသည်။

M-07၊ M-08


  • VIA