News

POST TYPE

NEWS

ရန်ကုန် လက်ကျန်ဘတ်ဂျက် ဘီလီယံနှစ်ရာကျော် လမ်းပြင်ရန်သုံးမည်
09-Aug-2018

ရန်ကုန်၊ ဩဂုတ် ၉

ကြားကာလ ဘဏ္ဍာနှစ်ကုန်ရန် တစ်လခွဲသာ ကျန်ရှိခြင်းကြောင့် ရန်ကုန်တိုင်းအတွက်ရရှိသော ကျပ်ဘီလီယံ ၂၀၀ ကျော်ကို လမ်းပြင်ရန် အဓိကသုံးစွဲမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်း ၄၅ မြို့နယ်ရှိ လမ်းပြုပြင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနများက အဓိကဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကြားကာလဘဏ္ဍာနှစ်ကို ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လသတ်မှတ်ထားပြီး နှစ်စဉ်ပြုလုပ်သော ဧပြီလ ဘဏ္ဍာရေးနှစ်အစား အောက်တိုဘာလသို့ ပြောင်းလဲသတ်မှတ်ထားခြင်းဖြစ်သည်။

“ရန်ကုန်မှာ မိုးကြောင့် ပျက်စီးသွားတဲ့လမ်းတွေကို အမြန်ဆုံး ပြင်မယ်။ ဘတ်ဂျက်ကာလ တစ်လခွဲပဲကျန်တော့ မလုပ်ဖြစ်ရင် ဘတ်ဂျက်က ပြန်အပ်ရတယ်။ အဲ့ဒီတော့ ပြန်ပြီးတော့ မအပ်ကြရအောင် ဆောင်ရွက်မှာပေါ့”ဟု ၎င်းကဆိုသည်။

သို့သော်လည်း လမ်းပြုပြင်ရေးအတွက် အသုံးပြုမည့် ဘတ်ဂျက်ပမာဏသည် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အပြင် စည်ပင်သာယာနယ်နိမိတ်ပြင်ပမြို့နယ် ၁၂ မြို့နယ်တို့အတွက် အသီးသီး ခွဲဝေပေးပြီးသော်လည်း အသေးစိတ်ပြောကြားရန် မလွယ်ကူကြောင်း ဝန်ကြီးဦးမြင့်သောင်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် လျှပ်စစ်၊ တံတား၊ ရေရရှိရေးအတွက် ဘတ်ဂျက်များ အသီးသီး ခွဲဝေသုံးစွဲရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီစဉ်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းမြို့နယ်အနှံ့တွင် လမ်းချိုင့်ဖာခြင်း၊ ကွန်ကရစ်ခင်းခြင်းများကြောင့် ရပ်ကွက်အချို့ရှိ မြေညီထပ်လူနေအိမ်များ၌ ရေစိမ့်ဝင်မှုများ ဖြစ်ပေါ်နေကြောင်း အငှားယာဉ်မောင်းအချို့ထံမှ စုံစမ်းသိရသည်။

“ကွန်ကရစ်ခင်းတဲ့ထုထည်က မြင့်တော့ ရေက လမ်းသွယ်ထဲမှာ လာဝပ်တယ်။ ရပ်ကွက်ကတချို့ မြေညီထပ်အခန်းတွေ ရေစိမ့်ဝင်တယ်ပြောတယ်”ဟု တာမွေမြို့ နယ် ကျောက်မြောင်းရပ်ကွက်နေသူ ကိုဖိုးစိုးမင်းက မှတ်ချက်ပြုသည်။

J-17