News

POST TYPE

NEWS

နိုင်ငံတကာသကြားအဖွဲ့အစည်းသို့ဝင်ရန် အစိုးရထံစာတင်
07-Aug-2018
မန္တလေး၊ ဩဂုတ် ၆

မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းက နိုင်ငံတကာသကြားအဖွဲ့အစည်း (International Sugar Organization- ISO) သို့ ဝင်ရောက်ရန် စီးပွား/ကူးသန်း ဝန်ကြီးဌာနသို့ စာတင်ခဲ့ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းထံမှ သိရသည်။

ယခင်ကတည်းက ISO အဖွဲ့ဝင်ဖြစ်ရန် အသင်းအနေနှင့် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်းနှင့် တစ်နှစ်စာပေးရမည့် အသင်းဝင်ကြေး ၃၈၈၂ ပေါင် (ငွေကျပ်သိန်း ၆၀ ကျော်) အသင်းကပေးရန် လျာထားကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက် ပစ္စည်းထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (မန္တလေး) မှ ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။ 

“ ISO အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံအနေနဲ့ ဝင်ရောက်ရင် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ အခုလို ကမ်းလှမ်းလာတဲ့အပေါ် အသင်းအနေနဲ့ အသင်းဝင်အဖြစ် ဝင်ရောက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာသကြားအဖွဲ့အစည်း အသင်းဝင်အဖြစ် ဝင်ရောက်ရန် မြန်မာနိုင်ငံအား ကမ်းလှမ်းခဲ့ခြင်းအပေါ် ဝင်ရောက်ရန် သင့်၊ မသင့်နှင့် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပါက ရရှိလာမည့် အကျိုးကျေးဇူးကို သုံးသပ်ချက်၊ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၏ သဘောထားမှတ်ချက်ကို ဩဂုတ်လ ၂ ရက်တွင် နောက်ဆုံးထားတင်ပြရန် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၄ ရက်က စာပေးပို့ခဲ့သည်။

၂၀၁၈ခုနှစ်အတွင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် International Sugar Organization (ISO) ၏ စီမံခန့်ခွဲရေး ဒါရိုက်တာတို့ တွေ့ဆုံဆွေးနွေးရာ ၅၃ ကြိမ်မြောက် ISO Council Session သို့ မြန်မာနိုင်ငံမှ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရပြီး အသင်းဝင်အဖြစ် ဝင်ရောက်ရန် ကမ်းလှမ်းခဲ့သည်။

အသင်းဝင်အဖြစ် ဝင်ရောက်ပါက အဖွဲ့ဝင်နိုင်ငံ ၈၇ နိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ ကမ္ဘာ့သကြားဈေးကွက်နှင့် ပတ်သက်သော သတင်းအချက်အလက်များ ရရှိခြင်း၊ အစိုးရအချင်းချင်း သကြားလုပ်ငန်းဖွံ့ဖြိုးရေးကိစ္စရပ်များအား ဆက်စပ်ပေါင်းစည်းပေးခြင်း၊ သကြားထုတ်ကုန်အတွက် အဖွဲ့ဝင်နိုင်ငံ၏ သကြားလုပ်ငန်းဖွံ့ဖြိုးရေးကို ကူညီပေးခြင်းစသည့်အကျိုးအမြတ်များ ရရှိနိုင်ကြောင်း ဇူလိုင်လ ၃၁ ရက် ဝန်ကြီးဌာနသို့ တင်ပြသောစာတွင် သုံးသပ်ဖော်ပြထားသည်။

နိုင်ငံတကာသကြားအဖွဲ့အစည်း (International Sugar Organization (ISO)) တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၈၇ နိုင်ငံရှိပြီး အာဆီယံဒေသတွင်းရှိ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြသည်။

M-08


  • VIA