News

POST TYPE

NEWS

YBS ယာဉ်လိုင်း ၂ ခုတွင် အမျိုးသမီးယာဉ်မောင်း ခြောက်ဦး ထပ်ခန့်
05-Aug-2018

ရန်ကုန်၊ ဩဂုတ် ၅

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းနှစ်ခုတွင် အမျိုးသမီးယာဉ်မောင်း ခြောက်ဦးကို ဇူလိုင်လ လယ်က ခန့်အပ်ခဲ့ကြောင်း အမျိုးသမီး ယာဉ်မောင်းများကို သင်တန်းပေးနေသော Power Eleven ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းက ပြောကြားသည်။

အဆိုပါအသက် ၃၀ မှ ၃၅ နှစ်ခန့်ရှိ အမျိုးသမီးယာဉ်မောင်း ၆ ဦးသည် YBS ၂၁ ယာဉ်လိုင်းတွင် လေးဦး၊ YBS ၇၈ ယာဉ်လိုင်းတွင် ၂ ဦး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

“အရင်က ၂၁ ယာဉ်လိုင်းမှာ အမျိုးသမီးယာဉ်မောင်းနှစ်ဦးတည်း မောင်းနှင်တာပါ။ ဒါထပ်တိုးလာတာပေါ့။ သင်တန်းပေးတဲ့အခါ ကျွမ်းကျင်တဲ့အဆင့်ရောက်လို့ လုပ်ငန်းခွင် ပေးဝင်ခိုင်းလိုက်တာပါ”ဟု ၎င်းကဆိုသည်။

အမျိုးသမီးယာဉ်မောင်းများကို ခန့်အပ်ရာတွင် စည်းကမ်းပိုင်းလိုက်နာမှု ကောင်းပြီး ခိုက်ရန်ဖြစ်ပွားမှု အလွန်နည်းပါးကြောင်း၊ အမျိုးသားယာဉ်မောင်းများအနေနှင့် စည်းကမ်းတကျ မောင်းနှင်ရန်နှင့် ခိုက်ရန်မဖြစ်ပွားရန် အလွန် မှာကြားရကြောင်း ၎င်းက ပြောကြားသည်။

အမျိုးသမီးယာဉ်မောင်း ၃၀ ဦးကို ယာဉ်မောင်းသင်တန်းပေးရာတွင် လက်ရှိ ခုနစ်ဦးမှာ လုပ်ငန်းခွင်ဝင်နေခြင်းဖြစ်ပြီး ကျန်အမျိုးသမီးယာဉ်မောင်းသင်တန်း တက်နေသူများမှာ နေ့စဉ် ယာဉ်မောင်းနှင်ခြင်းကို လေ့ကျင့်ကာ အချိန်အားလျော်စွာ ပြေးဆွဲနေသည့်ယာဉ်ပေါ်သို့ လိုက်ပါလေ့လာကြောင်း Power Eleven ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်တင်ဝင်းက ပြောကြားသည်။

လက်ရှိ Power Eleven ကုမ္ပဏီလက်အောက်တွင် YBS ၂၁ ယာဉ်လိုင်းကို ယာဉ်စီးရေ ၈၃ စီးဖြင့် ပြေးဆွဲလျက် ရှိပြီး လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြု ယာဉ်လိုင်းကုမ္ပဏီလက်အောက်တွင် YBS ၇၈ ယာဉ်လိုင်းကို ယာဉ်စီးရေ ၅၀ စီးဖြင့် နေ့စဉ် ပြေးဆွဲလျက်ရှိသည်။

J-06