News

POST TYPE

NEWS

Airport Shuttle Bus ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းကို အဝိုင်းပတ် စတင်ပြေးဆွဲ
02-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁

ဆူးလေ-ရန်ကုန်လေဆိပ်ပြေးဆွဲသည့် Airport Shuttle Bus ယာဉ်လိုင်းအနေနှင့် ယနေ့ (ဩဂုတ်လ ၂ ရက်) တွင် ပြည်လမ်းနှင့် ကမ္ဘာအေးခရီးစဉ်လမ်းကြောင်းကို အဝိုင်းပတ်ပုံစံဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း Omini Focus ကုမ္ပဏီထံမှ သိရသည်။

“ခရီးသည်တွေဘက်က တောင်းဆိုတာ ရှိသလို YRTA ကလည်း အခုလို မျှော်လင့်ထားတာဖြစ်လို့ ပြေးဆွဲဖြစ်တာပါ။ ယာဉ်စီးခလည်း အတူတူပါပဲ”ဟု Omini Focus ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ဆိုသည်။

ဇွန်လ ၂၂ ရက်က Airport Shuttle Bus ယာဉ်လိုင်းကို ကမ္ဘာအေးလမ်းကြောင်း စတင်ပြေးဆွဲပေးခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လမ်းကြောင်းနှစ်ခုဖြင့် ဝင်ရောက်ပြေးဆွဲနိုင်သဖြင့် ခရီးသည်များ စီးနင်းမှုအဆင်ပြေစေရန် ပြည်လမ်းလမ်းကြောင်းကို ထပ်မံတိုးချဲ့ပြေးဆွဲခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ အဝိုင်းပတ်ပြေးဆွဲခြင်းကို ယာဉ်စီးရေ ၅၀ စီးဖြင့် ပြေးဆွဲမည်ဖြစ်ပြီး တစ်ရက်ကို လေဆိပ်ဂိတ်စမှာ ပြည်လမ်းအတွက် တစ်စီး၊ ကမ္ဘာအေးဘုရားလမ်းအတွက် တစ်စီးစီးစေလွှတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာအေးလမ်းကြောင်းဖြင့် ပြေးဆွဲမည့် ခရီးစဉ်မှတ်တိုင်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်-ကမ္ဘာအေးဘုရား-မြန်မာပလာဇာ-ရွှေတိဂုံဘုရား-ရန်ကုန်ဘူတာကြီး-ဆူးလေဘုရား-ကုန်သည် လမ်း-စံပြ- St.John City Mall-ပြည်သူ့ရင်ပြင်-မြေနီကုန်း-အင်းလျားကန်ပေါင်-ရှစ်မိုင်-လေဆိပ်တို့ဖြစ်သည်။

ပြည်လမ်းလမ်းကြောင်းဖြင့် ပြေးဆွဲမည့် ခရီးစဉ်မှတ်တိုင်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်-ရှစ်မိုင်-အင်းလျားကန်ဘောင်- မြေနီကုန်း-St.John City Mall-စံပြ-ဗိုလ်ချုပ်ဈေး (Junction City)-ဆူးလေဘုရား-ရန်ကုန်ဘူတာကြီး-ရွှေတိဂုံဘုရား-မြန်မာပလာဇာ-ကမ္ဘာအေးဘုရား-ရှစ်မိုင်-လေဆိပ်တို့ ဖြစ်သည်။

ခရီးသွားပြည်သူများအနေနှင့် လိုက်ပါစီးနင်းမည့် မှတ်တိုင်နှင့် အနီးဆုံးကားကို Call Center ဖုန်းနံပါတ်များဖြစ်သော ဝ၉-၄၂ ၁၂၂၂၆၂၂၊ ဝ၉-၄၂၁၂၂၂ ၈၂၂၊ ဝ၉-၄၂၁၂၂၂၉၂၂ တို့ကို ဆက်သွယ်မေးမြန်းနိုင်သည်။

ကနဦး ကမ္ဘာအေးဘုရားလမ်းကြောင်းအတိုင်း ပြေးဆွဲခဲ့ရာတွင် စတင်ပြေးဆွဲခဲ့သည့် တစ်လအတွင်း တစ်ရက်ကို ခရီးသည် ၂၀၀၀ မှ ၃၀၀၀ ကြား စီးနင်းခဲ့ပြီး လက်ရှိတွင် တစ်ရက်ကို ခရီးသည် ၅၀၀၀ မှ ၇၀၀၀ ကြား စီးနင်းမှုရှိကြောင်း၊ လမ်းကြောင်းနှစ်ခုဖြင့် အဝိုင်းပတ်ပြေးဆွဲပါက တစ်ရက်ခရီးသည် တစ်သောင်းခန့် စီးနင်းမည်ဟု ခန့်မှန်းကြောင်း Omini Focus ကုမ္ပဏီထံမှ သိရသည်။

J-06


  • VIA