News

POST TYPE

NEWS

အင်းလေးကန်အတွင်း ဒေသရင်းငါးမျိုးစိတ်များ ကျက်စားရာနေရာပြောင်း
ညောင်ရွှေ၊ ဇူလိုင် ၂၉ 

အင်းလေးကန်အတွင်း တီလားဗီးယားငါးများ မျိုးပွားမှုနှုန်းမြင့်မားလာခြင်းနှင့် အာဖရိက ငါးခူများဝင်ရောက်လာပြီး ငါးများကို စားသောက်ခြင်းကြောင့် ဒေသရင်း ငါးမျိုးစိတ်များမှာ ကျက်စားရာနေရာများ ပြောင်းရွှေ့သွားကြောင်း အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တောအုပ်ဒေါ်အယ်လ်ကေစီယွန်က ပြောကြားသည်။

“တီလားဗီးယားတွေက အုပ်စုများလာတဲ့အချိန် မူလငါးတွေက နေစရာမရှိတော့ဘူး။ မူလငါးမျိုးစိတ်ငါးဖိန်းဆိုရင် အင်းလေးကန်မှာ မများတော့ဘူး။ ပင်လောင်းဘက်မှာ အများကြီးတွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

ငါးဖိန်းအပါအဝင် ငါးဒေါက်၊ ငါးအုံမတ်၊ ငါးပုတ်ဆာမ၊ ငါးနီစိမ်၊ ငါးပြေမ၊ ငါးခုံးမမီးတွတ်၊ ငါးဖယ်၊ ငါးရံ့ကြား၊ ငါးတိုင်တတ်နှင့် ငါးရေစိမ်တို့မှာ အင်းလေးကန်အတွင်း ကျက်စားနေထိုင်သည့် ဒေသရင်း ငါးမျိုးစိတ်များလည်းဖြစ်သည်။

အင်းလေးဒေသခံများသည် ဘာသာရေးအရ သက်စေ့ငါးလွှတ်ခြင်း၊ ဌာနဆိုင်ရာများက ငါးလွှတ်ပွဲများကျင်းပခြင်းသည် ဒေသမျိုးရင်း ငါးမျိုးစိတ်များအတွက် အန္တရာယ်ရှိသည့်အတွက် အင်းလေးကန်အတွင်း ငါးလွှတ်ခြင်းကို စိစစ်မည်ဖြစ်ကြောင်း အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောကြားသည်။

“တီလားဗီးယားရတာများတယ်”ဟု အင်းလေးကန်အတွင်း ငါးဖမ်းပိုက် ထောင်နေသူတစ်ဦးက ပြောဆိုသည်။

အင်းလေးကန်အတွင်း ဒေသငါးမျိုးစိတ်ဖြစ်သော ငါးတောင်နွယ် (Systomus Compressiformis) နှင့် ငါးခူရှင်ဖ (Silurus Burmanensis) တို့မှာလည်း မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဒေါ်အယ်လ်ကေစီယွန်က ပြောကြားသည်။

အင်းလေးကန်အတွင်း အမှိုက်စွန့်ပစ်ခြင်း၊ စိုက်ပျိုးရေးဓာတုဆေးဝါးများ အသုံးပြုခြင်း၊ စက်သုံးဆီစွန့်ပစ်ပစ္စည်းများနှင့် နုန်းပို့ချမှုများလာခြင်းတို့ကြောင့် ရေထုညစ်ညမ်းလာကာ မူလငါးမျိုးစိတ်များ ပြောင်းရွှေ့ကျက်စားသည့်အပြင် ငါးမျိုးစိတ်များ ပြောင်းလဲလာမှုတို့ကို တွေ့ရှိရကြောင်း သစ်တောဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် အစောပိုင်းတွင် အင်းလေးကန်အတွင်း ငါးမျိုးစိတ် ၆၁ မျိုးတွေ့ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သစ်တောဦးစီးဌာနနှင့် KYOTO University တို့ပူးပေါင်းသည့် သုတေသနတွင် ငါးမျိုးစိတ် ၅၇ မျိုးသာ တွေ့ရှိရတော့ကြောင်း အင်းလေးကန်၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

MHS