News

POST TYPE

NEWS

ပခုက္ကူ ပြည်သူဆေးရုံက လူနာများကို သက်တမ်းလွန် ပဋိဇီဝ ပိုးသတ်ဆေး ထိုးပေး
24-Jul-2016 tagged as

ပခုက္ကူ၊ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ ခုတင် ၂ဝဝ ဆံ့ ဆေးရုံကြီး၌ လူနာအချို့ကို သက်တမ်းလွန် ပဋိဇီဝ ပိုးသတ်ဆေးများ ထိုးပေးခဲ့ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းထံမှ သိရသည်။

ဇူလိုင် ၂၄ ရက်နေ့က မြွေကိုက်ခံရသော လူနာကို ထိုးပေးခဲ့သော ပဋိဇီဝ ပိုးသတ်ဆေးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ပခုက္ကူ တာဝန်ခံ ဦးသူရမင်းထက်စိုးက ပြောကြားခြင်းဖြစ်သည်။

“တာဝန်သိ ပြည်သူတစ်ဦးက ပခုက္ကူဆေးရုံ အနေနဲ့ မြွေကိုက်လူနာအတွက် ထိုးပေးတဲ့ ပဋိဇီဝ ပိုးသတ်ဆေးက သက်တမ်း လွန်နေတယ်လို့ သတင်းပို့တယ်။ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း (ပခုက္ကူ)က သွားစစ်တဲ့ အခါမှာ လက်ရှိ ဆေးကုသမှု ခံယူနေသူအတွက် သုံးစွဲထားတဲ့ Levofloxacin Infusion 500mg/100ml ဆေးရယ်၊ မနက်ဖြန် (ဇူလိုင် ၂၅ ) မှာ ထိုးရမယ့် ဆေး တစ်ဘူး တွေ့တယ်။ အဲဒီဆေးက ၂ဝ၁၆ ဇွန်မှာ သက်တမ်းကုန်နေပြီ”ဟု ၎င်းက ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသုံးသူအသင်း (ဗဟို) ကို အကြောင်း ကြားထားကြောင်း၊ ပြည်သူများကို သက်တမ်းလွန် ဆေးများ သုံးစွဲနေမှုနှင့် ပတ်သက်၍ ထိထိရောက်ရောက် အရေးယူနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြ ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပခုက္ကူခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်ထံ သွားရောက် မေးမြန်းရာ တနင်္ဂနွေ အစိုးရ ရုံးပိတ်ရက် ဖြစ်၍ ကိုယ်ပိုင်အချိန် ဖြစ်သောကြောင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြောကြားသည်။

ပခုက္ကူမြို့နယ် ကျန်းမာရေး ဦးစီးဌာန အနေနှင့် ဇွန်လ ၂၆ ရက်နေ့က ထုတ်ပေးသော အသက် ၅ နှစ်နှင့် ၆ နှစ် အရွယ် ကလေးများအတွက် တိုက်ကျွေးရမည့် ဗီတာမင်နှင့် သတ္တုဓာတ်ပါ အာဟာရ ဆေးမှုန့် Vitamines -et Mineraux -en Poudre ဆေးမှာလည်း သက်တမ်းကုန် ဆေးများ ဖြစ်နေကြောင်း၊ ဇူလိုင်လ ၅ ရက်က မြိုင်မြို့နယ် ဗဟင်း အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၇ဝ ဦးကို ပေးဝေသော အမောက်စလင် ဆေးများမှာလည်း သက်တမ်းကုန် ဆေးများ ဖြစ်နေသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း (ပခုက္ကူ) ၏  မှတ်တမ်းအရ သိရသည်။ 


  • VIA
  • TAGS