News

POST TYPE

NEWS

မတရားကျင့်ခံရသူ မသန်စွမ်းတို့၏ ဝန်ထုပ်ဝန်ပိုး
26-Jul-2018


မတရားပြုကျင့်ခံရသော မသန်စွမ်းသူတို့အတွက် တရားမျှတမှုဖော်ဆောင်ခြင်းသည် သန်စွမ်းသူတို့အရေး ဆောင်ရွက်ပေးရခြင်းထက် ပိုမိုခက်ခဲနေသည်။

မျဉ်းနှစ်ကြောင်းပြထားသည့် ဆီးစစ်တံအဖြေက တစ်နေ့တခြား ဗိုက်ပူလာသော ၁၇ နှစ်အရွယ် သမီးငယ်တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သက်သေပြနေသဖြင့် မိခင်ဖြစ်သူတုန်လှုပ်သွားသည်။

မွေးရာပါ ကိုယ်အင်္ဂါမသန်စွမ်းသော ဆယ်ကျော်သက်သမီးက သူ့ကို ကြိုးတုပ်၊ ဓားထောက်ပြီး မကြာခဏမုဒိမ်းကျင့်သူမှာ ခြံချင်းကပ်နေထိုင်သူ အဘိုးဝမ်းကွဲဖြစ်သည်ဟု ပြောပြရာ ပို၍တုန်လှုပ်သွားရသည်။ 

“ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ ရဲတွေကမေးတော့ သေခါနီးမို့ ရိက္ခာယူတာဆိုပြီး ကျွန်မရှေ့မှာပဲဖြေတယ်”ဟု မိခင်ဖြစ်သူက မချိတင်ကဲ ပြောသည်။ 

ဧရာဝတီတိုင်းဒေသကြီးထဲမှ သူတို့၏ ဓနုံးချောင်းရွာသည် တရားရုံးတည်ရှိရာ ကျောင်းကုန်းမြို့နယ်နှင့် ဆယ်မိုင်ဝေးကွာသည်။ အမှုရင်ဆိုင်နေရသည့်ကာလ တစ်နှစ်ကျော်လာချိန်တွင် လမ်းစရိတ်အခက်အခဲကြောင့် တရားခွင်သို့ မသွားနိုင်တော့ပေ။ 

တုန်လှုပ်ဖွယ်ဖြစ်ရပ်များ၊ နွမ်းပါးမှုနောက်ဆက်တွဲ အခက်အခဲများမှာ မတရားကျင့်ခံရသူတို့ ရင်ဆိုင်ကျော်ဖြတ်ရလေ့ရှိသည့် အခြေအနေများ ဖြစ်ကြသည်။ မတရားကျင့်ခံရသူမှာ မသန်စွမ်းသူဆိုပါက ကြုံတွေ့ရသော အခက်အခဲ၊ အဟန့်အတားတို့ ပိုမိုများပြားနေသည်ကို တွေ့ရသည်။

ရဲစခန်းနှင့် တရားခွင်

မသန်စွမ်းမှုကြောင့် မတ်တတ်ပင် အနိုင်နိုင်ရပ်နေရသည့် ကျောင်းကုန်းမှ အဆိုပါ ဆယ်ကျော်သက် မိန်းကလေးမှာ ကိုယ်ဝန်ရင့်လာချိန်အထိ ခြံဝင်းထဲ တရွတ်တိုက်သွားလာနေတတ်သည်။ မတ်တတ်ထရပ်ပြီး ပြန်လဲကျမှု မကြာခဏဖြစ်ပွားသော်လည်း မေလက မီးဖွားသောအခါ ကလေးရော မိခင်ပါ အန္တရာယ်မဖြစ်ခဲ့ပေ။

ကိုယ်ဝန်ဆောင်ကာလ ဝေဒနာကြောင့် ကလေးကို စွန့်ပစ်မည်ဟု ရည်ရွယ်ခဲ့သော်လည်း မီးဖွားပြီးနောက်ပိုင်းတွင်မူ မွေးစားရန်တောင်းသူတို့ကို ဆယ်ကျော်သက် မိခင်က အနားအကပ်မခံတော့ပေ။

“မပေးတော့ဘူး။ ကလေးကိုချစ်လို့။ မီးက သူ့ကိုကျောင်းတက်ခိုင်းမှာ” ဟု မိန်းကလေးက အိပ်မောကျနေသော ဖြူဖွေးတုတ်ခိုင်သည့် သားငယ်ကို တစိမ့်စိမ့်ကြည့်ကာပြောသည်။ ကလေး ပြုတ်မကျစေရန်လည်း သူ၏ ကောင်းစွာလှုပ်ရှားနိုင်သော ဘယ်ဘက်လက်ဖြင့် အားပြုပွေ့ချီထားသည်။ သူ့ကလေးငယ် နှုတ်ခမ်းစူ သွားပုံ၊ မျက်မှောင်ကြုတ်သွားပုံကို ကြည့်မဝဖြစ်နေ ခြင်းတို့က သူ့တွင် မိခင်စိတ်အပြည့်အဝရှိကြောင်း ပြသနေသည်။

မတရားကျင့်ခံရမှုများတွင် ၎င်းတို့သည် သန်စွမ်းသူတို့ထက် ပိုမိုခက်ခဲသည့်အနေအထားနှင့် ကြုံတွေ့ရကြောင်းကို ထိုမြို့မှ အခြားဖြစ်ရပ်ဆိုးတစ်ခုတွင် ပိုမိုသိသာစွာ တွေ့ရသည်။

ကျောင်းကုန်းမှ ရှစ်မိုင်ခန့်ကွာဝေးသည့် ဂဏိမ်းလေးကျေးရွာတွင် ဆယ်ကျော်သက် မသန်စွမ်းအမျိုးသမီးမှာ မကြာခဏ ပျို့အန်သဖြင့် ဆေးခန်းပြ ကုသမှုခံယူရာ ကိုယ်ဝန်ငါးလရှိနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

မောင်နှမများက ထိုကိုယ်ဝန်မှာ မည်သူ့လက်ချက်ဖြစ်ကြောင်း အထပ်ထပ်မေးမြန်းရာ ပြီးခဲ့သည့် အောက်တိုဘာလ အလှူတစ်ခုတွင် သွားရောက်လုပ်အားပေးစဉ် အမျိုးသားကြီးတစ်ဦးက ခြိမ်းခြောက်ပြုကျင့်ခဲ့သည်ဟု ပြောပြသည်။ ကိုယ်ဝန်ရပြီးနောက်ပိုင်း လမစေ့ဘဲမွေးခဲ့ရသည့်ကလေးမှာ အဖတ်မတင်ခဲ့ပေ။

ထိုမုဒိမ်းမှုကို ကိုင်တွယ်ခဲ့သည့် ကျောင်းကုန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဦးမြင့်အောင်က မသန်စွမ်းသူတို့၏ အမှုအခင်းနှင့်ပတ်သက်ပြီး အများသတိမထားမိကြသည့် လုပ်ထုံးလုပ်နည်းအချို့ကို ကျော်ဖြတ်ရသည်ဟု ရှင်းပြသည်။ 

မတရားပြုကျင့်ခံရသည်ဟု တိုင်ကြားလာသူ မသန်စွမ်းသူအတွက် အမှုဖွင့် စစ်ဆေးပေးနိုင်ရေးအတွက် မသန်စွမ်းကြောင်း၊ ဉာဏ်ရည်မပြည့်ကြောင်း သက်ဆိုင်ရာဆရာဝန်၏ ဆေးစစ်ချက်၊ ထောက်ခံချက်တို့ လိုအပ်သည်ဟု ဆိုသည်။ 

မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရစဉ် တရားခံရှေ့နေ၏ အကဲဆတ်လွန်းသော မေးခွန်းတို့နှင့် ရင်ဆိုင်ရသည်။ ဖြစ်ရပ်ဆိုးအကြောင်း၊ သူနာကြည်းသောသူအကြောင်း အများရှေ့တွင် ပြန်ရှင်းပြရန် မဝံ့မရဲဖြစ်၊ ခက်ခဲလွန်းနေသည်ဟု သူ၏အစ်ကိုထံမှ သိရသည်။

“ဖြစ်စေချင်တာက တရားရုံးမှာလည်း လူကြီးတွေမေးရင် ကျွန်တော်တို့မောင်နှမတွေကို ပြောပြသလိုပဲ အကုန်ပြောပြ။ သူက တရားရုံးရောက်ရင် မပြောတော့ဘူး။ အိမ်ကျရင်ပြောပြီ” ဟု အစ်ကိုဖြစ်သူက အားမလိုအားမရ ဆိုသည်။

ဤအခြေအနေမျိုးကို မသန်စွမ်းသူအများအပြားတွင် တွေ့ရလေ့ရှိသည်ဟု မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ချုပ်မှ ကိုနေလင်းစိုးက ပြောသည်။ 

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု၊ သာမန်လူထက် ဉာဏ်ရည်နည်းပါးမှု၊ မိသားစုသို့ ပြန်ပြောပြရန် ခက်ခဲမှု စသည့်အားနည်းချက်တို့ ရှိနေတတ်ပုံကို မတရားပြုကျင့်လိုသူတို့က သဘောပေါက်ပြီး ပစ်မှတ်ထားကျူးလွန်ကြခြင်းဖြစ်နိုင်သည်ဟု ကိုနေလင်းစိုးက သုံးသပ်သည်။

ကျူးလွန်သူအတွက် အားသာချက် 

မသန်စွမ်းသူတို့အတွက် သက်သေခံကတ်ပြား မှတ်ပုံတင်ထုတ်ဝေပေးထားနိုင်လျှင် ၎င်းတို့ကို ကူညီရာတွင် ပိုမိုအထောက်အကူဖြစ်မည်ဟု ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ထူးထူးအောင်က ပြောသည်။ 

“မသန်စွမ်းအိုင်ဒီကတ် (သက်သေခံကတ်ပြား) ရသွားရင်တော့ ကျွန်မတို့ အမှုတည်ဆောက်တဲ့အခါမှာ အရမ်းအသုံးဝင်တယ်။ မသန်စွမ်းတွေက ဥပဒေပါ အခွင့်အရေးရဖို့က အိုင်ဒီကတ်ရဖို့ အရမ်းလိုအပ်နေတာလေ။ ဒါပေမဲ့ နည်းဥပဒေဘာလို့မထွက်သေးတာလဲဆိုတာတော့ မပြောတတ်ဘူး” ဟု မြစ်ဝကျွန်းပေါ်ဒေသရှိ မသန်စွမ်းများအရေး လိုက်ပါဆောင်ရွက်နေသည့် ဒေါ်ထူးထူးအောင်က ပြောသည်။

သက်သေခံကတ် အရေးပါခြင်း၊ မသန်စွမ်းသူတို့အတွက် တရားမျှတမှုဖော်ဆောင်ခြင်း လုပ်ငန်းအဆင့်ဆင့်ကို အမှုလိုက်ရှေ့နေ၊ ရဲအရာရှိတို့ကလည်း သိနားလည်ခြင်း၊ စိတ်ဝင်စားခြင်း အားနည်းသည်ဟု သူက ဆက်ပြောသည်။

ပညာရေးစနစ် အားနည်းချက်တချို့ကြောင့်လည်းကောင်း၊ စာသင်ကျောင်းအများအပြား၏ လျစ်လျူရှုမှုကြောင့်လည်းကောင်း မသန်စွမ်းသူတို့ ကျောင်းတက်ပညာသင်ကြားရေးမှာ ခက်ခဲနေသည်။ ဤအခြေအနေတွင် မိဘ၊ အုပ်ထိန်းသူ အများအပြားကလည်း ၎င်းတို့၏ပညာသင်ယူရေးကို အားပေးမှုနည်းပါးလာသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ရုံးပိုင်းဒါရိုက်တာ ဦးညွှန့်အောင်က မသန်စွမ်းသူတို့သည် ကိုယ်ခန္ဓာအစိတ်အပိုင်း သို့မဟုတ် ဉာဏ်ရည်ပိုင်းဆိုင်ရာချွတ်ယွင်းမှု ရှိသည်ဟူသော ခံစားချက်ကြောင့် ရှက်ရွံ့တတ်ကြသည်။ အုပ်ထိန်းသူတို့ကလည်း ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ဖြတ်တောက်တတ်ကြသည်ဟု ပြောသည်။ 

ထိုသို့ဖြတ်တောက်သည့်အခါ ပတ်ဝန်းကျင်နှင့် တုံ့ပြန်မှုအားနည်းသွားသည့်အတွက် စဉ်းစားတွေးခေါ်မှုပိုင်း အားနည်းလာတတ်သည်ဟု ဆိုသည်။ 

၂၀၁၆ မှ ၂၀၁၈ ဇွန်လအထိ နိုင်ငံအနှံ့အပြားတွင် မသန်စွမ်းအမျိုးသမီး အဓမ္မပြုကျင့်ခံရမှု ၂၇ ခုနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို စုဆောင်းရရှိထားသည်ဟု ဤဖြစ်ရပ်များအကြောင်း စစ်တမ်းကောက်ယူနေသည့် iSchool-Myanmar အဖွဲ့ထံမှ သိရသည်။ 

စာရင်းသွင်း မှတ်တမ်းမတင်ရသေးသည့် ဖြစ်ရပ်လည်း အများအပြားရှိနိုင်သည်ဟု မသန်စွမ်းသူများအရေး ဆောင်ရွက်သည့်အဖွဲ့များက ယုံကြည်ကြသည်။ 

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မသန်စွမ်းသူ အများဆုံးနေထိုင်ရာမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ဒုတိယ အများဆုံးမှာ ချင်းပြည်နယ်ဖြစ်သည်။ 

မြန်မာနိုင်ငံ လူဦးရေ သန်း ၅၀ ကျော်ရှိပြီး ထိုအထဲတွင် ၄ ဒသမ ၆ ရာခိုင်နှုန်းသည် မသန်စွမ်းသူများ ဖြစ်ကြသည်။

အမြင်အာရုံချို့တဲ့သူ ၁,၂၄၉,၇၃၇၊ အကြား အာရုံချို့တဲ့သူ ၆၇၃,၁၂၆၊ ဉာဏ်ရည်မသန်စွမ်းသူ ၈၃၅,၅၉၈၊ ခန္ဓာကိုယ်မသန်စွမ်းသူ ၉၅၇,၇၃၆ စသဖြင့် မသန်စွမ်းသူအရေအတွက်နှင့် အမျိုးအစားကို သန်းခေါင်စာရင်းတွင် တွေ့ရသည်။

ပိုမိုကြန့်ကြာမှု

သက်ကယ်ကုန်းကျေးရွာမှ ၃၃ နှစ်အရွယ် မသန်စွမ်းအမျိုးသမီးတစ်ဦးသည် နေ့စားသုံးထောင်နှုန်းဖြင့် လယ်ယာလုပ်ငန်းခွင်ဝင်စဉ် အသက် ၆၀ ဝန်းကျင် အမျိုးသားက အဓမ္မပြုကျင့်ခဲ့သည်ဟု မိခင်ဖြစ်သူထံမှ သိရသည်။ 

“ဒီလိုကျူးလွန်ခံရပြီးတာတောင် ရဲစခန်းက အဲ့ဒီကောင်ကို ချက်ချင်းမဖမ်းဘူး။ ရွာထဲပဲ အဲ့ဒီကောင်က လျှောက်သွားနေတာ” ဟု မိခင်ဖြစ်သူက ပြောသည်။

တိုင်ကြားပြီး ၁၀ ရက်အကြာတွင် ရဲစခန်းက သွားရောက်ဖမ်းဆီးခဲ့သည်ဟု မိန်းကလေးကို ဝန်းရံပေးနေသည့် ကျောင်းကုန်းမြို့နယ်မှ ဒေါ်သန္တာလှိုင်က ပြောသည်။

ပြုကျင့်ခံရပြီးနောက် ရဲတပ်ဖွဲ့သို့ တိုင်ကြားရာတွင်လည်း အခြားမုဒိမ်းမှုများထက် ပိုမိုရှုပ်ထွေးသည့် အဆင့်အချို့ကို ကျော်ဖြတ်ခဲ့ရကြောင်း ပရဟိတလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည့် ဒေါ်သန္တာလှိုင်က ရှင်းပြသည်။ 

ရဲစခန်းတွင် တိုင်ကြားသည့်အခါ ဉာဏ်ရည်မပြည့်မီကြောင်း ဆရာဝန်၏ထောက်ခံစာတောင်းသည့်အတွက် ၎င်းတို့သည် မြို့နယ်ဆေးရုံ၊ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ခဲ့ရသည်။ နောက်ဆုံးတွင် ရန်ကုန်မြို့စွန်ရှိ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် စမ်းသပ်စစ်ဆေးစစ်မှုခံယူရသည်ဟု ဆိုသည်။ 

ထိုသို့ အဆင့်ဆင့်ဖြတ်ကျော်ပြီးမှသာ ရဲစခန်းတွင် အမှုဖွင့်ပေးသည်ဟု သိရသည်။ 

ယခုအခါ ကိုယ်ဝန်ငါးလရှိနေချိန်တွင် မွေးဖွားစရိတ်လိုနေသည်ကို တွေ့ရကြောင်း အိမ်နီးချင်း အမျိုးသမီးကြီးတစ်ဦးက ပြောသည်။ 

“မွေးခါနီးဆိုတော့ အရင်လို အလုပ်မလုပ်နိုင်တော့ဘူး။ အရပ်ထဲတော့ ဒီလိုပဲ... ဟိုလူ့ဆီကလှည့်၊ ဒီလူ့ဆီကလှည့်နဲ့ စားသောက်နေကြတာပါပဲ” ဟု ထိုအမျိုးသမီးက ရှင်းပြသည်။

ရန်ကုန်အခြေစိုက် iSchool-Myanmar အဖွဲ့မှ သုတေသနအရာရှိ နော်ဇာဖြူခန့်က မသန်စွမ်းသူ အဓမ္မပြုကျင့်ခံရမှုကို လူမှုဝန်ထမ်းဦးစီးဌာနသို့ တိုင်ကြားရာတွင်လည်း မြို့နယ်မှ ရုံးချုပ်သို့ သတင်းရောက်ရှိရန် အဆင့်ဆင့် ကြန့်ကြာမှုများရှိနေသည်ဟု ဆိုသည်။

“မသန်စွမ်းဖြစ်တာကို ရှက်ကြောက်နေရာက ဒီလိုကိစ္စတွေ (အဓမ္မပြုကျင့်ခံရမှု) တွေ ထပ်ဖြစ်တော့ ပိုပြီးရှက်ကြောက်ကြတယ်။ သက်ဆိုင်ရာကနေ ဥပဒေနဲ့အညီ ထပ်လုပ်မယ်ဆိုလည်း ငွေကုန်ကြေးကျခံရမှာရယ် မိသားစုက ငြိုငြင်မှာစိုးတာရယ်နဲ့ သူတို့ပြန်မပြောတော့ဘူး။ တိတ်ဆိတ်နေကြတယ်” ဟု နော်ဇာဖြူခန့်က ရန်ကုန်မြို့ရှိ သူ၏ရုံးခန်းတွင် ပြောသည်။

“အထူးအဆန်းကြီးလို့ သူတို့စိတ်ထဲမထင်ဘူး။ သူများ ဖြားယောင်းချင်ဖြားယောင်းပေမယ့် သူတို့စိတ်ထဲ ဒါကို ပျော်ရကောင်းမှန်း၊ အကောင်းအဆိုးမှန်း နားမလည်ဘူး။ ရုပ်ပိုင်းဆိုင်ရာအရလည်း ဆရာဝန်တွေဆီသွားတဲ့အခါမှသာ ဒီလို ကိုယ်ဝန်တွေရှိနေမှန်း သူတို့သိရတာမျိုးတွေ ဖြစ်တတ်ပါတယ်” 

မသန်စွမ်း အမျိုးသမီးအများစုသည် ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်ကို ထုတ်ဖော်မပြောတတ်ခြင်း၊ ခန္ဓာကိုယ်ပြောင်းလဲမှုကိုလည်း သတိမမူတတ်ကြခြင်းတို့ကြောင့် မတရားပြုမှုအန္တရာယ်မကျရောက်စေရေးအတွက် အုပ်ထိန်းသူများ၊ ပတ်ဝန်းကျင်တွင် နေထိုင်သူများက သတိထားပြီး ဖေးမကူညီစောင့်ရှောက်သင့်သည်ဟု နော်ဇာဖြူခန့်က ပြောသည်။

ဝင်းနန္ဒာ (Myanmar Now)