News

POST TYPE

NEWS

ရန်ကုန်ဆေးရုံကြီးမှ စည်းကမ်းမဲ့ဈေးသည်များကို စည်ပင်ဥပဒေဖြင့် အရေးယူမည်
23-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၃

ရန်ကုန်ဆေးရုံကြီးအတွင်းရှိ တရားဝင် ဖွင့်ထားသည့် ဈေးဆိုင်များကို ပြန်လည် စိစစ်နေရာချ၍ စည်းကမ်းမဲ့ ကျူးကျော်ရောင်းချသူ ဈေးသည်များကို စည်ပင်သာယာနည်းဥပဒေ ၂၁ အရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။

“ဆေးရုံကြီးရဲ့ စီမံခန့်ခွဲခွင့်ရှိတဲ့နေရာဖြစ်တော့ စည်းကမ်းမဲ့ ဈေးဝင်ရောင်းရင် စည်ပင်ဥပဒေနဲ့ အရေးယူမယ်။ တရားစွဲမယ်”ဟု ရန်ကုန်ဆေးရုံကြီး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် ရန်ကုန် တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးလည်းဖြစ်သူ ဦးနိုင်ငံလင်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနည်းဥပဒေ အခန်း (၆)၊ နည်းဥပဒေ ၂၁ အရ လမ်းဘေးဈေးဆိုင် ရောင်းချသူသည် ကော်မတီက သတ်မှတ်သည့်နေရာတွင် သတ်မှတ်သည့်အချိန်အတွင်း သတ်မှတ်ထားသည့် ကုန်ပစ္စည်းကို ရောင်းချရမည်ဟု ဖော်ပြထားသည်။

ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်ဆေးရုံကြီးရုံးခန်းအတွင်း ဆေးရုံကြီး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း အပါအဝင် ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် နယ်မြေ ထွေ/အုပ်များက ဆေးရုံကြီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် တရားဝင်ဆိုင်ခန်းများ စနစ်တကျ နေရာချထားရေးနှင့် စည်းကမ်းမဲ့ လမ်းဘေးဈေးသည်များ အရေးယူရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးနိုင်ငံလင်းက ထပ်မံဆိုသည်။

အလားတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ၂၀၁၈ ခုနှစ် ဇွန်လအထိ ရန်ကုန်မြို့တွင်း လေးမြို့နယ် အပါအဝင် မြို့တွင်း ဈေးမရောင်းရ လမ်းများ၌ စည်းကမ်းမဲ့ ရောင်းချသော လမ်းဘေးဈေးသည်များကို တရားစွဲဆိုထားသည့် အမှုပေါင်း နှစ်ထောင်ကျော်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားထားသည်။

ရန်ကုန်ဆေးရုံကြီးကို ခုတင်နှစ် ထောင်ဆံ့ဆေးရုံကြီးအဖြစ် ၂၀၁၆ ခုနှစ်က စတင်တိုးချဲ့ ပြီးနောက် နေ့စဉ် လူနာဦးရေ ၁၇၀၀ မှ ၁၈၀၀ ကြား ဆေးဝါးကုသပေးနေရသည့်အပြင် စည်းကမ်းမဲ့ ခေါင်းရွက် ဗျပ်ထိုး ဈေးသည် ၁၀၀ နီးပါးက လူနာဆောင်၊ နားနေဆောင်နှင့် စင်္ကြံအမိုးများအောက်၌ ဝင်ရောက်ဈေးရောင်းချမှု ပြဿနာများ ဆင့်ကဲပါဝင်လာခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြောကြားသည်။

ထို့ကြောင့် ဈေးသည်များကို ဆေးရုံကြီးဧရိယာအတွင်း ဈေးမရောင်းရန် အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့သော်လည်း လိုက်နာမှုမရှိသည့်အတွက် ဥပဒေအရ အရေးယူပေးရန် ရန်ကုန် ဆေးရုံကြီး အထောက်အကူပြုအဖွဲ့ထံ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာနေဝင်းသိန်းက ဆိုသည်။