News

POST TYPE

NEWS

ထိုင်းနှင့်ဗီယက်နမ်မှ ဝက်တင်သွင်းမှု တားမြစ်ပေးရန် မွေးရေအဖွဲ့ချုပ် တင်ပြ
16-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၅

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှတစ်ဆင့် ဝက်အရှင်နှင့် အေးခဲဝက်သားများ တင်သွင်းနေမှုကို အစိုးရအနေနှင့် တရားဝင်စာထုတ်၍ တားမြစ်ပေးရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးဇော်မျိုးထွန်းက ပြောကြားသည်။ 

“တစ်နှစ်လုံးကို ကုမ္ပဏီအားလုံးပေါင်းတင်သွင်းတဲ့ ဝက်အကောင်ရေက သုံးသောင်းရှိတယ်။ တရားမဝင်သွင်းတာတွေမပါသေးဘူး။ အဲဒါတွေက ရန်ကုန်ဈေးကွက်ကို အဓိကသွားတာ။ ပြည်တွင်းမှာ ဈေးလျော့အောင် ပြည်ပကသွင်းတယ်ဆိုပေမယ့် ဝက်သားဈေးက ရှစ်ထောင်နဲ့ တစ်သောင်းနှစ်ထောင်ကနေ မကျဘူး။ ပြည်တွင်းဝက်တွေက မရောင်းရတော့ဘူး။ ဒါကြောင့် ပိတ်ပေးဖို့ တောင်းဆိုတာပါ”ဟု ၎င်းက ပြောဆိုသည်။ 

ဇူလိုင်လ ၁၃ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ပမှ ဝက်အရှင်တင်သွင်းသည့်ကုမ္ပဏီများနှင့် ဝက်မွေးမြူရေး အစုအဖွဲ့များတွေ့ဆုံ၍ ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပမှ ဝက်အရှင်တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ယင်းဆွေးနွေးပွဲတွင် တင်ပြခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် မွေး/ကု ဦးစီးဌာနညွှန်ချုပ်က မျိုးအတွက် ဝက်ပေါက်တင်သွင်းခြင်းမှလွဲ၍ ဝက်အရှင်နှင့် အေးခဲအသားတင်သွင်းမှုကို ပိတ်သိမ်းသင့်ကြောင်း နှုတ်ဖြင့်ပြောဆိုခဲ့ပြီး တရားဝင် အမိန့်ကြေညာစာထုတ်၍ တားမြစ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ဆက်လက်တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ 

အစိုးရအနေနှင့် ပြည်ပမှ ဝက်အရှင်အကောင်ကြီး တင်သွင်းမှုကိုခွင့်မပြုရန်၊ ဝက်သားပေါက် တင်သွင်းခြင်းကိုလည်း ယာယီရပ်ဆိုင်းပေးရန်၊ မျိုးဝက်တင်သွင်းခြင်းကို ခွင့်ပြုပေးရန်နှင့် မျိုးဝက်ခြံတည်ထောင်မှုကို အားပေးကူညီရန် စသည့်အချက်များကို တင်ပြတောင်းဆိုခဲ့ကြကြောင်း ရန်ကုန်ဝက်မွေးမြူထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောကြားသည်။ 

“အခုလို ဝက်အရှင်တွေကို သွင်းခွင့်ပြုထားတာက မွေး/ကုက ဝက်မွေးမြူရေးခြံ နှစ်ဆယ်ရာခိုင်နှုန်းကို သန်းခေါင် စာရင်းကောက်တယ်။ အဲဒီကောက်တဲ့ စာရင်းအရ ပြည်တွင်းမွေးမြူတာ မလောက်ဘူး၊ သွင်းဖို့လိုတယ်ဆိုပြီး သွင်းခွင့်ပေးခဲ့တာ။ နှစ်ဆယ်ရာခိုင်နှုန်းကိုပဲ အခြေခံပြီး လိုအပ်တယ်လို့တွက်တာက ပြန်စိစစ်ဖို့လိုပြီ”ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးဇော်မျိုးထွန်းက ပြောဆိုသည်။ 

ပြည်ပမှတင်သွင်းသည့် ပိဿာချိန် ၁၀၀ ရှိသည့်ဝက်များသည် အသားပိဿာချိန် ၈၀ ခန့်နှင့် အဆီပိဿာချိန် ၂၀ ခန့် သာထွက်ရှိပြီး ပြည်တွင်းတွင် မွေးမြူသည့် ဒေသဝက်များသည် အသားပိဿာချိန် ၆၀ ခန့်သာထွက်ရှိကာ အဆီပိဿာချိန် ၄၀ အထိထွက်ရှိပြီး အသားပိဿာချိန် အထွက်နှုန်းကွာဟကြောင်း၊ ဈေးနှုန်းမှာလည်း ထိုင်းဝက်တစ်ပိဿာနှင့် မြန်မာနိုင်ငံရှိ ဒေသထွက်ဝက်တစ်ပိဿာလျှင် ကျပ်တစ်ထောင်ကျော် ကွာဟသောကြောင့် ပြည်ပမှတင်သွင်းသည့်ဝက်များကို ဝက်ဒိုင်များက ပိုမိုရောင်းချလိုခြင်းဖြစ်ကြောင်း ဝက်မွေးမြူသူများထံမှသိရသည်။

“ထိုင်းကသွင်းတဲ့ဝက်တွေက မျိုးမြင့်တယ်။ အသားအထွက်နှုန်းလည်း ကွာတယ်။ ဒါကြောင့် ဝက်ဒိုင်တွေက ပြည်တွင်းဝက်ကို မသုံးချင်ဘဲ ထိုင်းဝက်ကို သုံးချင်တာ။ ဈေးကွက်ကလည်း အဆီမစားချင်ဘူး။ အသားပဲ စားချင်ကြတော့တယ်။ ထိုင်းဝက်က နယ်စပ်အရောက်ကို တစ်ပိဿာ (ကျပ်) ၂၈၀၀ လောက်ပဲရှိတယ်။ ပြည်တွင်းဝက်က ၄၀၀၀ ဆိုတော့ ထိုင်းဝက်က ပိုမြတ်တယ်လေ”ဟု ဦးဇော်မျိုးထွန်းက ဆိုသည်။

J-11


  • VIA