News

POST TYPE

NEWS

သစ်ချောက် ကျေးရွာလမ်းပြင်ရန် ကျောက်မီးသွေးထုတ်ကုမ္ပဏီများနှင့် သဘောတူညီမှုရ
09-Jul-2018



ကလေး၊ ဇူလိုင် ၈ 

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာအတွင်းသို့ဖြတ်သန်းပြီး ကျောက်မီးသွေးသယ်ယူနေရာ၌ ကားလမ်းကို မပြုပြင်ပေးသဖြင့် ဇူလိုင်လ ၇ ရက်နေ့တွင် ဒေသခံများက လမ်းပြင်ပေးရန် လမ်းပိတ်တောင်းဆိုခဲ့ပြီးနောက် ကုမ္ပဏီဘက်မှ လမ်းပြုပြင်ပေးရန် သဘောတူညီခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောကြားသည်။ 

ဇူလိုင်လ ၈ ရက်နေ့ နံနက်က ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသူရွာသားများနှင့် မြို့မိမြို့ဖများက ၂ နာရီကျော်အကြာ အစည်းအဝေးပြုလုပ်ပြီးနောက် ကျောက်မီးသွေးထုတ်လုပ်နေသည့် ကုမ္ပဏီများဘက်မှ ရပ်ကွက်အတွင်း ဖြတ်သွားသည့် လမ်းအရှည် ၂ မိုင်နီးပါးကို ကွန်ကရစ်လမ်းခင်းပေးရန် လက်မှတ်ထိုးကတိပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ကားလမ်းမကြီးကနေ လူနေရပ်ကွက်ထဲကို အဓိကထားပြီး အရင်ခင်းဖို့ တိုက်တွန်းလိုက်တယ်”ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ဆိုသည်။ 

သစ်ချောက်ကျေးရွာကားလမ်း အရှေ့ဘက်ရှိ ကျောက်မီးသွေးတွင်းများမှ ကျောက်မီးသွေးကို ကုမ္ပဏီများကကားများဖြင့် သယ်ဆောင်လျက်ရှိရာ သစ်ချောက်ရွာ ဝါးရဲရပ်ကွက်အတွင်းရှိ လမ်းကိုအသုံးပြု၍ ကားကြီး၊ ကားငယ်များဖြင့် အကြိမ်ကြိမ်ဖြတ်သန်းနေသဖြင့် ရွာအတွင်းလမ်းမှာ ပျက်စီးနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယင်းသို့ပျက်စီးသည့်အတွက် ကုမ္ပဏီများထံ တောင်းဆိုခဲ့ရာ လုပ်ဆောင်ပေးမည်ဟု ပြောဆိုသော်လည်း မလုပ်ပေးသဖြင့် ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်း၌ ဒေသခံများက လမ်းကိုပိတ်ဆို့ကာ ကားများသွားလာမှု မပြုနိုင်ရေးဟန့်တားပြီး ကျောက်မီးသွေးကုမ္ပဏီကားများအနေနှင့် လမ်းကို ပြုပြင်ပေးပြီးမှ သွားလာရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“ဒီတစ်ရက်နှစ်ရက်အတွင်းကို လမ်းပျက်ထားတဲ့နေရာတွေကို ကျောက်ကြမ်းခင်းပေးမယ်။ ပွင့်လင်းရာသီမှာ ကွန်ကရစ်လမ်းခင်းပေးမယ်ဆိုပြီး လက်မှတ်ထိုးကတိပြုခဲ့တယ်ဗျ။ ဒီအပေါ်ကိုလည်း ကျေနပ်ကြပါတယ်”ဟု ရွာသူရွာသားများကိုယ်စား အစည်းအဝေးတက် ရောက်ခဲ့သည့် သစ်ချောက်ကျေးရွာမှ ဦးမောင်ထွန်းက ရှင်းပြသည်။

R-20