News

POST TYPE

NEWS

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် သကြားဝယ်ယူမှု လျော့ကျ
04-Jul-2018
မန္တလေး၊ ဇူလိုင် ၃

ပြည်ပမှတင်သွင်းလာသော သကြားကို မြန်မာနိုင်ငံမှတစ်ဆင့်ခံကာ ပြည်ပသို့ပြန်လည်တင်ပို့မှု (Re-export) ကို အစိုးရက ပြန်လည်ခွင့်ပြုထားသော်လည်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဝယ်ယူမှုလျော့ကျနေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

တရုတ်နိုင်ငံရှိဘဏ်များတွင် မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များကို ပိတ်ထားသည့်အတွက် သကြားအရောင်း အဝယ်လုပ်ငန်းများ လျော့ကျခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ဘဏ်အကောင့်တွေ ပိတ်လိုက်တာ ကုန်သွယ်မှုကို တိုက်ရိုက်သက် ရောက်သွားစေတယ်။ ဘဏ်အကောင့်ထဲကနေ တရုတ်ငွေနဲ့ Transition (အကူးအပြောင်း) လုပ်ကြတာဆိုတော့ သက်ရောက်မှုရှိတာပေါ့” ဟု ၎င်းကရှင်းပြသည်။

သကြား Re-export တင်သွင်းမှုတွင်လည်း သင်္ဘောများဖြင့် တင်သွင်းရသည့်အတွက် ပြည်တွင်းရောက်ရှိရန် တစ်လကျော် ကြာမြင့်ရာလက်ရှိတွင် တန်ပမာဏအနည်းငယ်သာ ပြည်တွင်းသို့ရောက်ရှိသေးကြောင်း ကုန်သည်အချို့က ပြောကြားသည်။

အိန္ဒိယနိုင်ငံအနေနှင့်လည်း ပြည်တွင်းသကြားပိုလျှံမှုကိုလျှော့ချရန် တရုတ်နိုင်ငံနှင့်အစိုးရချင်း ချိတ်ဆက်မှုများရှိနေကာ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ သကြားအပါအဝင် ဆန်၊ ပြောင်းနှင့် အခြားလယ်ယာထွက်ကုန်များကို ဝယ်ယူရန် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံတွင်ကျင်းပသည့် ကူမင်းကုန်စည်ပြပွဲ၌ လက်မှတ်ရေးထိုးရန် သဘောတူခဲ့သော်လည်း ရက်ရွှေ့ဆိုင်းသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သောဇွန်လ အစောပိုင်းကသကြားကို ပြည်ပသို့ ပြန်လည်တင်ပို့မှု (Re-export) ခွင့်ပြုသည့် သတင်းထွက်ပေါ်လာပြီးနောက် သကြားတစ်ပိဿာလျှင် ကျပ် ၁၀၀ ခန့် ကျဆင်းသွားခဲ့ကြောင်း ဦးဝင်းဌေးက ထပ်မံပြောကြားသည်။

တရုတ်နိုင်ငံအနေနှင့် လွန်ခဲ့သော သုံးနှစ်ခန့်ကကဲ့သို့ သကြားဝယ်ယူမှု ရပ်နားခဲ့ပါက ပြည်တွင်း၌ သကြား Re-export များ ပိတ်မိသွားနိုင်သည်ကို ကုန်သည်အချို့က စိုးရိမ်နေကြသည်။

လတ်တလောတွင် သကြားတစ်ပိဿာလျှင် ကျပ် ၁၂၀၀ ကျပ်ခန့် ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယခုနှစ် ကြံသကြားရာသီအတွင်း သကြား Re-export တင်သွင်းခွင့်ပိတ်ပင်ခဲ့သည့်အတွက် ပြည်တွင်းသကြားစက်များက ထွက်ရှိသည့် သကြားတန်ချိန် ၅ သန်းကျော် တရုတ်နိုင်ငံသို့ ရောင်းချနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း မှတ်တမ်းများအရ သိရသည်။

M-08