News

POST TYPE

NEWS

ရန်ကုန်လေဆိပ်ရောက် သုံးသန်းမြောက် ခရီးသည်ကို ကျပ်နှစ်သန်းချီးမြှင့်
01-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော ခရီးသည်များအနက် ၂၀၁၈ ခုနှစ်အတွက် သုံးသန်းမြောက် ရောက်ရှိသည့်ခရီးသည်ကို ကံထူးရှင်အဖြစ် ကျပ်နှစ်သန်းဖိုး ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

ဇွန် ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်က Jester Asia လေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံမှတစ်ဆင့် ရောက်ရှိလာသည့် ဘရာဇီးနိုင်ငံသား Mr.Jefferson Oliveri Costa ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကံထူးရှင် ဘရာဇီးနိုင်ငံသားကို ဂုဏ်ပြုသည့်အနေနှင့် မြန်မာငွေကျပ်တစ်သန်းနှင့် ကျပ်တစ်သန်းတန်ဖိုးရှိ ခရီးသွား အသုံးအဆောင် ပစ္စည်းများကို အမှတ်တရ လက်ဆောင်အဖြစ် ချီးမြှင့်ခဲ့ပြီး နေပြည်တော်ရှိ Horizon Lakeview Hotel and Resort တွင် နှစ်ညတာ အခမဲ့ အနားယူခွင့်ကိုပါ ချီးမြှင့်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“အခုဆို နှစ်ဝက်နဲ့တင် လေဆိပ်ကို ရောက်ရှိတဲ့ပြည်တွင်း၊ ပြည်ပခရီးသည် သုံးသန်းပြည့်နေပြီ။ ဒီနှစ်ကုန်အထိ ခရီးသည် ခြောက်သန်းကျော်ဝင်မယ်လို့ မျှော်မှန်းထားတယ်”ဟု ဦးရဲထွဋ်အောင်က ထပ်မံပြောဆိုသည်။

လက်ရှိတွင် မိုးတွင်းကာလ ဖြစ်သော်လည်း ပြည်ပ ခရီးသွားဧည့်သည်များ လျော့ကျခြင်းမရှိဘဲ ဝင်ထွက်သွားလာမှုရှိနေရာ ပွင့်လင်းရာသီတွင် ပိုမိုလာရောက် လည်ပတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်ရှိခဲ့သည့် ခရီးသွားဧည့်သည်များအနေနှင့် ၂၀၁၆ ခုနှစ်က ခရီးသည် ၅ ဒသမ ၄ သန်းရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ခရီးသည် ၅ ဒသမ ၉၂ သန်း ရောက်ရှိခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ပြည်တွင်း လေကြောင်းလိုင်း ၁၁ ခုနှင့် ပြည်ပ လေကြောင်းလိုင်း ၂၇ ခုတို့ အသုံးပြုနေသော လေဆိပ်ဖြစ်ကြောင်းလည်း ယင်းဌာနထံမှ သိရသည်။

J-16