News

POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည်နှင့် 'ဝ'၊ မိုင်းလား ခေါင်းဆောင်များ သီးသန့် တွေ့ဆုံမည်
24-Jul-2016

ရန်ကုန်၊ ဇူလိုင်၂၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် 'ဝ'၊ မိုင်းလား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ သီးသန့် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

ယင်းလက်နက်ကိုင် ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ပြည်တွင်းသို့ လာရောက် တွေ့ဆုံရန် ဖိတ်ကြားထားခြင်းဖြစ်ပြီး တွေ့ဆုံနိုင်မည့် နေ့ရက်ကို ၂၁ ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီက ညှိနှိုင်းနေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ယင်းတွေ့ဆုံမှုတွင်၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပမည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။

''အဓိကကတော့ ငြိမ်းချမ်းရေး ကိစ္စတွေပေါ့၊ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် ကြိုတင် ဆွေးနွေးကြမှာပါ၊ အချိန်ကိုတော့ ညှိနှိုင်းနေတုန်းပါ''ဟု ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီက 'ဝ' ဒေသ၊ မိုင်းလားသို့ သွားရောက်ပြီး 'ဝ' ပြည် သွေးစည်း ညီညွတ်ရေး တပ်(UWSA) နှင့် မိုင်းလား လက်နက်ကိုင် အဖွဲ့ (NDAA) တို့ကို တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ အသေးစိတ်ကို သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ယခုလ (ဇူလိုင်လ) ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကချင်ပြည်နယ် မိုင်ဂျားယန်တွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်မည့် ညီလာခံ တစ်ခု ကျင်းပမည် ဖြစ်သော်လည်း 'ဝ' နှင့် မိုင်းလား အဖွဲ့များ အနေနှင့် တက်ရောက်ခြင်း ရှိ မရှိကို မသိရသေးကြောင်း ယင်းညီလာခံ ပြင်ဆင်ရေး ကော်မတီထံမှ သိရသည်။

  • VIA