News

POST TYPE

NEWS

နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များ နေထိုင်အလုပ်လုပ်ခွင့် သက်တမ်း ခြောက်လတိုးမြှင့်
23-Jul-2016 tagged as

ရန်ကုန်၊ ဇူလိုင် ၂၂

မြန်မာနိုင်ငံတွင် အလုပ်လာရောက် လုပ်ကိုင်သည့် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များကို အလုပ်သမားမှတ်ပုံတင် သက်တမ်းကို ခြောက်လတိုးမြှင့်ပေးသဖြင့် တစ်နှစ်အထိ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။

အလုပ်သမားမှတ်ပုံတင် သက်တမ်းကို ယခင်က ခြောက်လသာ ခွင့်ပြုထားရာမှ တစ်နှစ်အထိ တိုးမြှင့်ပေးခြင်းဖြစ်ပြီး ယင်းအပြင် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များနှင့် မှီခိုသူများကို ယခင်က ခြောက်လသာ နေထိုင်ခွင့်ပြုရာမှ တစ်နှစ်အထိ နေထိုင်ခွင့်ပြုကြောင်း ယင်းထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ((MIC) ၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားအမှုထမ်း ကျွမ်းကျင်ပညာရှင်များအတွက် ယင်းသို့ သက်တမ်းတိုးမြှင့်ပေးမှုကို ဇူလိုင်လ ၁၈ ရက်နေ့က စတင်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလုပ်လုပ်ရန် အသစ်လျှောက်ထားသူများ အတွက် ယခင်က မြန်မာနိုင်ငံရှိ သက်ဆိုင်ရာသံရုံးက ထောက်ခံချက် တင်ပြရသော်လည်း ယခု Managing Director/ BOD အဖွဲ့ဝင်၏ ထောက်ခံချက်ဖြင့်  တင်ပြရန်သာ လိုအပ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ  သိရှိရသည်။

နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံ၌ အလုပ်လာလုပ်ရာတွင် ပိုမိုအဆင်ပြေစေရန် ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်နေသော်လည်း နိုင်ငံခြားသား အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ မရှိသဖြင့် ၎င်းတို့ ထိန်းချုပ်၍ မရသည့် အခြေအနေ ဖြစ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်မည့် နိုင်ငံခြားသားများကို ထိန်းချုပ်မည့် နိုင်ငံခြားသား အလုပ်သမား ဥပဒေကို လွှတ်တော်တင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

  • TAGS