POST TYPE

NEWS

စီမံဘဏ္ဍာ ဝန်ကြီးအသစ် ဘယ်လိုလူဖြစ်သင့်သလဲ
29-May-2018

မေလ ၂၅ ရက်နေ့မှာ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးကျော်ဝင်းကို ၎င်းရဲ့သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအတွက် လာမယ့် မေလ ၂၈ ရက်နေ့ တနင်္လာနေ့ပြုလုပ်မယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးရဲ့ အစီအစဉ်တွေမှာတော့ ပြည်ထောင်စုဝန်ကြီး အသစ်တစ်ဦး အသစ်ထပ်မံခန့်အပ်မယ့်သတင်း ပါကောင်းပါလာနိုင်တယ်လို့ ပြည်သူတွေအကြားမှာ ထင်မြင်ချက်တွေပေးနေကြပါပြီ။

ဒီအတွက် သူ့နေရာမှာ ဘယ်သူ့ကိုခန့်အပ်မလဲ၊ ဘယ်သူဖြစ်နိုင်မလဲ ဆိုတာတွေကို ယခုရက်ပိုင်းမှာ ပြည်သူတွေအကြား စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါတယ်။

စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဘယ်သူဖြစ်လာမလဲဆိုတာကို ပြည်သူတွေအနေနဲ့ ဘာလို့စိတ်ဝင်တစားဖြစ်နေကြတယ်ဆိုတာလဲ အကြောင်းများစွာရှိပါတယ်။ အမှန်ဆိုရင် ဒီဝန်ကြီးဌာနဟာ နိုင်ငံတစ်ခုစီးပွားရေး တိုးတက်ဖို့၊ အရငွေတွေဖြစ်တဲ့အခွန်အခတွေ ပိုမိုတိုးတက်ရရှိဖို့၊ အရအသုံးငွေတွေ မျှတကိုက်ညီဖို့၊ စီမံကိန်းတွေကို စနစ်တကျရေးဆွဲအကောင်အထည်ဖော်ဖို့၊ ဌာနဆိုင်ရာအားလုံးရဲ့ဘတ်ဂျက်တွေ စနစ်တကျဖြစ်ဖို့ အဓိကအကျဆုံးဝန်ကြီးဌာနတစ်ခုဖြစ်သလို ဒီဌာနကို တာဝန်ယူမယ့်ဝန်ကြီးဟာလည်း စီးပွားရေးအသိပညာနဲ့ နိုင်ငံ့စီးပွားရေးတိုးတက်အောင်လုပ် ကိုင်နိုင်တဲ့အရည်အချင်းတွေ ပြည့်စုံနေဖို့လိုနေပါတယ်။ သူ့ဝန်ကြီးဌာန အောက်မှာရှိတဲ့ ဦးစီးဌာနတွေဟာ နိုင်ငံတစ်ခုကို စီးပွားရေးကောင်းမွန်အောင် အဓိကမောင်းနှင်ရမယ့်လက်တံတွေလို ဖြစ်နေပြီး သူဦးဆောင်မှုကောင်းရင် ကောင်းသလောက် သူ့ဌာနအတွင်းက အတွင်းဝန်တွေ၊ ညွှန်ချုပ်တွေနဲ့ အောက်ခြေကဝန်ထမ်းတွေ အဂတိကင်းကင်းနဲ့ နိုင်ငံ့ဘဏ္ဍာကို အလေအလွင့်မရှိအောင် ထိန်းသိမ်းလုပ်ဆောင်လာတတ်ကြပါတယ်။

သူ့စီမံကွပ်ကဲအုပ်ချုပ်မှုကောင်းရင် ကောင်းသလောက် သူ့လက်အောက် ဌာနက ဝန်ထမ်းတွေ ရေးဆွဲတင်ပြတဲ့ နိုင်ငံတော်ရဲ့နှစ်ရှည်၊ နှစ်လတ်နဲ့ ကာလတိုစီမံကိန်းတွေဟာ ပြည်သူ့အသံနဲ့ပြည်သူတွေထင်ဟပ်ပြီး ပြည်သူတွေလိုအပ်နေတဲ့စီမံကိန်းမျိုးတွေ၊ ဖြစ်နိုင်ခြေအားကောင်းပြီး ရေရှည် နိုင်ငံတော်နဲ့နိုင်ငံသားတွေအကျိုးရှိမယ့်စီမံကိန်းတွေ ဖြစ်နေတတ်လေ့ရှိပါတယ်။ သူစွမ်းဆောင်နိုင်ရင် စွမ်းဆောင်နိုင်သလောက် သူ့ဝန်ကြီးဌာန လက်အောက်က ပြည်တွင်းအခွန်များဦးစီးဌာနတို့၊ အကောက်ခွန်ဦးစီးဌာနတို့၊ မြန်မာ့စီးပွားရေးဘဏ်လုပ်ငန်းဦးစီးဌာနတို့၊ အရအသုံးဆိုင်ရာ ငွေစာရင်းဦးစီးဌာနတို့၊ စိစစ်တိုးဌာနတို့ဆိုတာတွေက ဝန်ထမ်းတွေ အရည်အသွေးတိုးတက်ပြီး အခွန်အခတွေ ကောက်ခံတဲ့နေရာမှာ အဂတိကင်းကင်းလုပ်နိုင်ကြလေ့ရှိပါတယ်။ ယခုလက်ရှိအနေအထားကတော့ အားလုံးလည်း သိကြတဲ့အတိုင်းပါပဲ။ နိုင်ငံတော်အတွင်းမှာ မအောင်မမြင်ဖြစ်ပြီး ရှေ့မတိုးသာ နောက်မဆုတ်တက် ဖြစ်နေတဲ့ စီမံကိန်းတွေ ဒုနဲ့ဒေး ရှိနေသလို အခွန်အခတွေ ကောက်ခံတဲ့နေရာမှာလည်း အကျင့်ပျက်မှု သတင်းတွေ လှိုင်လှိုင်ထွက်နေတာ သိကြပြီးဖြစ်မှာပါ။ ဒါတွေဟာ အမှန်တော့ ဒီဝန်ကြီးဌာနရဲ့ ဝန်ကြီးမှာသာ တာဝန်အရှိဆုံးပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အနေနဲ့ ယနေ့လက်ရှိဆောင်ရွက်နေတဲ့ ဒေသအားလုံးက လမ်းတံတား၊ ကျောင်း၊ ဆေးရုံ၊ ကျန်တဲ့အဆောက်အအုံကအစ အရာရာကုန်ကျတဲ့ အသုံးစရိတ်တွေ၊ ဌာနပေါင်းစုံက ရေးဆွဲတင်ပြကြတဲ့ အရအသုံး ဆိုင်ရာငွေစာရင်းတွေကို ဒီဌာနကသာ ဦးစွာပထမ အသေအချာ စိစိစစ်စစ်နဲ့ စစ်ဆေးကြရတာပါ။ ဒီလိုစိစစ်ပြီးမှသာ နိုင်ငံတော်သမ္မတက တာဝန်ခံပြီး ဘဏ္ဍာရေးကော်မရှင်ကိုဖြတ်ရတာဖြစ်တဲ့အတွက် ဒီဝန်ကြီးဟာ အတော်တာဝန်ကြီးသလို အရည်အချင်းကိုရှိမှဖြစ်မှာပါ။ (ယခင်ပြီးခဲ့တဲ့ကာလတွေအထိတော့ ယခင်အစိုးရအဆက်ဆက်ကအတိုင်း ဒုံရင်းဟာဒုံရင်းလိုပါပဲ။ ဘာမှမပြောင်းမလဲဘဲ ငါ့လက်ကလွတ်၊ ပြွတ်ဆိုပြီး တွေ့သမျှမြင်သမျှ တွက်ချက်တင်ပြနေကြတဲ့စနစ်လိုဖြစ်နေတာ လွှတ်တော်အတွင်း အစီရင်ခံစာတင်သွင်းနေကြချိန်မှာ ကြားကြရပြီးဖြစ်မှာပါ။ အမှန်ဆိုရင် ဒီဌာနက ဒီဝန်ကြီးဦးစီးတဲ့အဖွဲ့ဟာ ဌာနပေါင်းစုံကတင်ပြလာကြတဲ့ ဘတ်ဂျက်တွေ၊ ပြည်သူ့ဘဏ္ဍာငွေတွေကိုသုံးစွဲပြီး အကောင်အထည်ဖော်ကြမယ့်စီမံကိန်းတွေဟာ မြေပြင်မှာ ဖြစ်နိုင်ခြေရှိ၊ မရှိ၊ သူတို့တင်ပြတဲ့ကိန်းဂဏန်းအချက် အလက်တွေဟာ မြေပြင်က ဒေသန္တရဈေးတွေနဲ့ အနီးစပ်ဆုံးမှန် မမှန် ဒီဝန်ကြီးဌာနက အောက်ကဦးစီးဌာနတွေကပဲ အသေအချာစိစစ်ကြပ်မတ်ကြလေ့ရှိပါတယ်။ ဒီအတွက် ဒီဝန်ကြီးဟာ အလွန်အရေးကြီးပါတယ်။ နောက်ဆုံးတော့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဲ့ လွှတ်တော်အထဲရောက်မှ စစ်မှတွေ့ကြ၊ထောက်ပြကြရတာ ဒီဝန်ကြီးဌာနမှာ တာဝန်မကင်းဘူးဆိုတာ အကြမ်းဖျင်းပြောလို့ရနိုင်ပါတယ်။

ဒီဝန်ကြီးဟာ အပြောနဲ့အလုပ်ညီသူ ဖြစ်တတ်ရပါတယ်။ လုပ်ငန်းဆိုင်ရာဘာသာရပ် (Subject Tern) ကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ရမယ့်အပြင် တာဝန်ပေးအပ်မှု၊ ကွပ်ကဲမှုနဲ့ ကြီးကြပ်မှု (Comment & Control) လည်းကောင်းသူ ဖြစ်ရမယ့်အပြင် စီမံခန့်ခွဲတတ်မှုပညာ (Management) အပိုင်းကိုလည်း ကျွမ်းကျင်သူဖြစ်ရပါမယ်။ နောက်ပြီး သူ့ဌာနနဲ့ဆက်စပ်နေတဲ့ ကျန်ဝန်ကြီးဌာနတွေ (Focal, Concerning & Line Ministry) တွေရဲ့ လုပ်ငန်းတာဝန်တွေ၊ ပရိုတိုကောတွေကိုလည်း သိထားတဲ့သူဖြစ်ရမယ့်အပြင် သူ့လက်အောက်က ဦးစီးဌာနက အမြဲတမ်းအတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ ဝန်ထမ်းအရာထမ်းတွေရဲ့ Capacity ကိုလည်းသိထားပြီး ကောင်းစွာစီမံခန့်ခွဲ အသုံးချတတ်သူဆိုရင် ပိုမိုကောင်းမွန်ပါတယ်။ နောက် ကိုယ်တာဝန်ယူရမယ့် ဝန်ကြီးဌာနက ကျင့်သုံးနေတဲ့ ဥပဒေတွေက ဘယ်နှခုရှိလဲ၊ ဒီဥပဒေတွေကို လက်တွေ့မှာ ဘယ်လိုအကောင်အထည်ဖော်နေလဲ၊ ဒီဥပဒေထဲမှာပါတဲ့ပြဋ္ဌာန်းချက်တွေက နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေနဲ့ ကိုက်ညီရဲ့လား၊ သူ့ရဲ့နည်းဥပဒေတွေ၊ အမိန့်တွေ ညွှန်ကြားချက်တွေကရော Inline ဖြစ်ရဲ့လား၊ ယနေ့လက်ရှိပြင်ပမှာ လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေ လိုက်နာတဲ့စည်းမျဉ်းမျိုးတွေ ဖြစ်ရဲ့လားဆိုတာတွေလည်း သုံးသပ်ဆောင်ရွက်တတ်သူဖြစ်ရပါမယ်။

ဒီလိုမှမဟုတ်ဘဲ ဟားဗတ်တက္ကသိုလ်ကပေးတဲ့ စီးပွားရေးဆိုင်ရာ ဒေါက်တာဘွဲ့လေးရရုံ၊ ကိုယ်ပိုင်က လုပ်ငန်းရှင်ဖြစ်ရုံ၊ ဂုဏ်သတင်းကျော် စောမှုရှိရုံ၊ လုပ်ချင်ရုံ၊ ရိုးသားကြိုးစားရုံနဲ့တော့ မဖြစ်နိုင်သေးပါဘူး။ အထက်က ခိုင်းရင်ခိုင်းတဲ့အတိုင်း လုပ်တတ်တာ၊ ရိုကျိုးတာ၊ အမိန့်နာခံတာ၊ အစိုးရကချမှတ်ထားတဲ့မူဝါဒအတိုင်း လိုက်လုပ်နေတာတွေနဲ့တော့ ဒီဝန်ကြီးအသစ်ဟာ ပြည်သူတွေမျှော်လင့်တဲ့ဝန်ကြီးမျိုး မဖြစ်လာနိုင်ပါဘူး။ ဒီလိုသာဆိုရင်တော့ ယနေ့ကျွန်တော်တို့နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ ဒီဝန်ကြီးဌာနတွေက နှစ်ပေါင်းကြာရှည်စွာလုပ်နေခဲ့ကြတဲ့ ဘဏ္ဍာရေးစည်းမျဉ်း (Financial Policy)၊ အခွန်အကောက်ဆိုင်ရာမူဝါဒ (Taxation Policy)၊ နှစ်စဉ်တင်သွင်းနေတဲ့ အမျိုးသားစီမံကိန်းဥပဒေ (Annual  Planning Law)၊ ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေ (Union Taxation Law) နဲ့ ဘတ်ဂျက်ဥပဒေ (Budget Law) တွေထဲမှာ အရိုးစွဲနေတဲ့ စည်းမျဉ်း၊ လုပ်နေကြလမ်းကြောင်းတွေကို ကျော်လွှားပြီး ယခင်ဝန်ကြီးပြောခဲ့သလို မြန်မာ့စီးပွားရေးကို ဦးမော့အောင် Take-off လုပ်လို့ရနိုင်မယ်မထင်ပါဘူး။

ယနေ့အချိန်မှာ ပြည်သူတွေစိတ်ဝင်အစားဆုံးဖြစ်နေတဲ့ကိစ္စကလည်း ဒါပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့ ကျွန်တော်တို့နိုင်ငံတော်ဟာ စီးပွားရေးအခြေအနေ ကျဆင်းမှုတွေနဲ့အတူ ဒေါ်လာဈေးတွေ တက်နေတယ်၊ မြန်မာကျပ်ငွေတန်ဖိုး ကျနေတယ်၊ ဒေါ်လာဈေးတွေ တက်လာနေတာနဲ့အမျှ ပြည်ပက မှာယူတင်သွင်းရတဲ့ ကုန်ပစ္စည်းအားလုံးပါ ဈေးတွေ တရိပ်ရိပ်တက်နေတဲ့အချိန်။ စက်သုံးဆီဈေးဆိုရင် ဒီရေအလားဖြစ်နေတာ။ တစ်ရိပ်ရိပ်နဲ့ထိုးတက်ပြီး ပြန်ကျတော့မယ့်အနေအထားတောင် မရှိပါဘူး။ နောက်ပြည်တွင်းက အခြေခံစားကုန်တွေလည်း အလားတူပါပဲ။ ဒါတွေရဲ့ အဓိကအခြေခံအကြောင်းရင်းကတော့ နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ တစ်ဦးချင်းဝင်ငွေ နိမ့်ပါးနေမှု၊ GDP ကျဆင်းနေမှုတွေ၊ စက်မှုလုပ်ငန်းတွေမတိုးတက်တာ၊ ဘဏ်လုပ်ငန်းတွေ ကောင်းကောင်းမလည်ပတ်နိုင်တာ၊ ကိုယ့်နိုင်ငံကထုတ်တဲ့ ထုတ်ကုန်တွေ၊ ပြည်ပကိုပို့တဲ့ပို့ကုန်တွေ ဈေးမရတာတွေကြောင့် ပြည်သူတွေထံက ကောက်ခံရမယ့်အခွန်အကောက်တွေလည်း ထိုက်သင့်သလောက်မရတာတွေ ဖြစ်နေကြရတဲ့အခြေအနေပါ။ လက်ရှိအခွန်အကောက်ကရတဲ့ငွေရဲ့ GDP ရဲ့ ၇ ဒသမ ၉ ရာခိုင်နှုန်းသာရှိနေသေးတဲ့အချိန်လည်း ဖြစ်ပါတယ်။ အမှန်ဆိုရင် ကမ္ဘာ့နိုင်ငံတွေ၊ အရှေ့တောင်အာရှနိုင်ငံတွေမှာဆိုရင် အခွန်ကရတဲ့ ငွေဟာ GDP ရဲ့ ၁၅ ရာခိုင်နှုန်း ရှိနေကြရပါတယ်။ နောက်ပြီး ဒီအခွန်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အဓိကသွေးကြောလိုဖြစ်နေပါတယ်။

ဒီအတွက် ယခုလာမယ့်အပတ်မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အသစ်ခန့်အပ်မယ့်ဝန်ကြီးဟာ ဘယ်လိုလူစားမျိုး ဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ကြရတော့မှာ အမှန်ပင်ဖြစ်ပါကြောင်း စိတ်စေတနာကောင်းနဲ့ ရေးသားလိုက်ရပါတယ်ဗျား။

အောင်ဇေယျ