News

POST TYPE

NEWS

သကြားဈေး ပြန်တက်
29-May-2018


ရန်ကုန်၊ မေ ၂၈

တရုတ်ကုန်သည်များက သကြားကြမ်းကို ကြေညက်အောင် ထပ်မံအမှုန့်ကြိတ်၍ ဝယ်ယူလာသောကြောင့် ပြည်တွင်းသကြားဈေးမှာ ယခင်ကထက် အနည်းငယ်ပြန်တက်လာကြောင်း မူဆယ်ရှိ သကြားကုန်သည်များထံမှ သိရသည်။

လတ်တလောတွင် သကြားအိတ်များပို့ပါက ဖမ်းဆီးနေသောကြောင့် အမှုန့်ထပ်ကြိတ်ကာ ဂျုံမှုန့်ပုံစံပြောင်းလဲ၍ တရုတ်ဘက်သို့ တင်ပို့နေကြောင်း၊ တရုတ်ဘက်သို့ သကြားတင်ပို့မည်ဆိုပါက အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံသည့်အတွက် တရားမဝင်လမ်းကြောင်းမှ ကုန်သွယ်မှုလုပ်နေရကြောင်း သကြားကုန်သည် ဦးတင်ဝင်းက ပြောကြားသည်။

“အခုက တစ်ဆင့်ခံသကြားတင်သွင်းမှုကို ပိတ်ထားတယ်လေ။ ဒီတော့ တရုတ်က အဝယ်ပြန်လိုက်လာတဲ့အခါ ပြည်တွင်းဈေးကွက်ထဲက သကြားတွေကို ဝယ်ပြီးပို့ရတယ်။ အဲဒီအတွက်ကြောင့် ဈေးကပြန်တက်လာတယ်။ နောက်တစ်ခုက ဒီအချိန်က သကြားစက်တွေ နားသွားပြီဖြစ်တဲ့အတွက် သကြားဈေးက ပြန်တက်လာဖို့ရှိတယ်”ဟု ၎င်းက ဆိုသည်။

တစ်ဆင့်ခံသကြား တင်ပို့မှုလုပ်ခဲ့စဉ်က ပြည်တွင်းမှ တရုတ်ဘက်သို့ နှစ်စဉ် တန်ချိန်တစ်သိန်းခွဲကျော်ပို့ခဲ့ပြီး လက်ရှိအချိန်တွင်မူ တန်ချိန်သောင်းနှင့်ချီ တင်ပို့လျက်ရှိကြောင်း၊ ယင်းတစ်ဆင့်ခံစနစ် ပြန်ပေးချင်ပါက ရန်ကုန်ဆိပ်ကမ်းမှ မူဆယ်သို့ တိုက်ရိုက်တင်ပို့နိုင်ရန် ကြီးကြပ်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကြံနှင့်သကြား စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

လတ်တလော သကြားဈေးကွက်တွင် တစ်ပိဿာကို ကျပ် ၁၃၀၀ ကျော်ရှိပြီး ယခင်လပိုင်းများကမူ တစ်ဆင့်ခံ သကြားတင်ပို့မှု ရပ်ဆိုင်းခဲ့သည့်အတွက် ပြည်တွင်းတွင် ထိုင်းမှတင်သွင်းသည့် သကြားများ စုပုံနေသောကြောင့် သကြားတစ်ပိဿာကို ကျပ် ၈၀၀ ကျော်သာ ဈေးရရှိခဲ့သည်။

ယခုနှစ်စတွင် သကြားဈေးများလည်း ဆက်တိုက်ကျနေသည့်အတွက် ကြံဈေးမှာ တစ်တန်ကို ကျပ်လေးသောင်း နှစ်ထောင်နီးပါးသာ ရရှိပြီး ကျပ်ငါးသောင်း ပေးဝယ်သည့် သကြားစက်ရုံများမှာ အနည်းငယ်သာရှိကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကြံဈေးမှာ ကျပ်ရှစ်ထောင်နီးပါး ဈေးကျသွားကြောင်း ကြံစိုက်တောင်သူ ဦးခင်မောင်မြင့်က ပြောကြားသည်။

J-13


  • VIA