News

POST TYPE

NEWS

လယ်သမား ကိုယ်စားပြုအဖွဲ့ ၆၀ ကျော်တက်မည့် ညီလာခံ ကျင်းပမည်
23-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၂

နိုင်ငံတစ်ဝန်းမှ လယ်သမားများ ကိုယ်စားပြု အဖွဲ့အစည်းပေါင်း ၆၀ ကျော် တက်ရောက်မည့် တောင်သူလယ်သမား ညီလာခံကို ဇူလိုင်လ ၂၃ ရက်မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားအဖွဲ့ချုပ် (AFFM) မှ အတွင်းရေးမှူး ဦးမိုက်ကယ်က ပြောဆိုသည်။

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်သမား ကိုယ်စားပြု အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့တို့ ချိတ်ဆက်နိုင်ရန် ရည်ရွယ်၍ တောင်သူလယ်သမား ညီလာခံကို ကျင်းပရန် စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ယင်းညီလာခံ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“လယ်သမားစစ်စစ်တွေ ပါဝင်ဆွေးနွေးကြမယ်။ ဒီညီလာခံက ထွက်လာတဲ့ အချက်အလက်တွေကို ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုက်ရိုက်တင်သွင်းမယ်” ဟု ဦးမိုက်ကယ်က ဆိုသည်။

လယ်သမားကဏ္ဍဆိုင်ရာ ဥပဒေ၊ ဈေးကွက်အခြေအနေ၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ၊ လယ်ယာလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးကို ညီလာခံတွင် ဆွေးနွေးကြမည် ဖြစ်ပြီး ညီလာခံ ကိုယ်စားလှယ် ၆၀၀ ကျော် ပါဝင်တက်ရောက်ရန် စီစဉ်ထားကြောင်း ညီလာခံကျင်းပရေး ကော်မတီထံမှ သိရသည်။

“စိုက်ပျိုးစရိတ်ချေးငွေ နောက်ကျတာ၊ ဝိုင်းကြီးချုပ်စနစ်နဲ့ ချေးငွေတွေ ခုထိပေးတာ၊ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အလေးတင်းတောင်းနဲ့ တိတိကျကျ ကုန်သည်တွေ ဝယ်ယူရေးနဲ့  စိုက်ပျိုးရေး နည်းပညာကို စနစ်တကျ ဖြန့်ဝေပေးရေးတို့ကို တင်ပြဆွေးနွေးဖို့ ရှိတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လယ်သမားသမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမောင်ဝင်းက ဆိုသည်။

နှစ်ရက်ကြာ ကျင်းပမည့် တောင်သူလယ်သမား ညီလာခံကို နိုင်ငံတစ်ဝန်း တရားဝင် ဖွဲ့စည်းထားသည့် လယ်သမားအဖွဲ့များမှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ်နှစ်ဦး၊ လေ့လာသူငါးဦး တက်ရောက်ခွင့်ရမည် ဖြစ်ကြောင်း၊ ညီလာခံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကိုလည်း ဖိတ်ကြားထားကြောင်း ညီလာခံ ကျင်းပရေး ကော်မတီထံမှ သိရသည်။