News

POST TYPE

NEWS

ဒီဇယ်ဈေးမြင့်တက်မှုကြောင့် ဘရာဇီးကုန်တင်ကားမောင်းသူများ အဝေးပြေးလမ်းကို ပိတ်ဆို့ဆန္ဒပြ၊ လမ်းပန်းဆက်သွယ်ရေးအခက်ကြုံ


ဆန်ပေါလို၊ မေ ၂၆

ဘရာဇီးနိုင်ငံတွင် ဒီဇယ်လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုကို မကျေနပ်သော ကုန်တင်ကားမောင်းသူများ အင်အားစုက အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ဆန္ဒပြခဲ့ရာ ယခုဆိုလျှင် ခြောက်ရက်တိတိရှိသွားပြီဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။ 

သမ္မတ မစ်ရှယ်တီမာအနေနှင့် လောင်စာဆီဈေးနှုန်းကိစ္စကို ဖြေရှင်းပေးရန် ထရပ်ကားမောင်းသူများက တောင်းဆိုထားကြသော်လည်း သမ္မတကမူ ယခုအခါ ဟိုင်းဝေးလမ်းမပေါ် ပိတ်ဆို့နေမှုများအား ရှင်းလင်းရေးကို ဘရာဇီးစစ်တပ်အား တာဝန်ပေးလိုက်သည်ဟု သတင်းများက ဆိုသည်။ 

အဝေးပြေးလမ်းမကြီးကိုပိတ်ဆို့ ဆန္ဒပြမှုအား ပြီးခဲ့သည့် တနင်္လာနေ့က စတင်ခဲ့ရာ ယခုစနေဆိုလျှင် ၆ ရက် တိတိရှိသွားပြီဖြစ်သော်လည်း ဒီဇယ်လောင်စာဆ ဈေးနှုန်း မြင့်တက်နေမှုအတွက် အဖြေမထွက်သေးဘဲရှိသည်။ 

သို့အတွက်ကြောင့် တောင်အမေရိကတိုက်၏ အကြီးဆုံးမြို့ဖြစ်သလို စီးပွားရေးမဏ္ဍိုင်လည်းဖြစ်သည့် ဆန်ပေါလိုကို အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားသည်။ 

လက်ရှိအနေအထားတွင် ဘရာဇီးနိုင်ငံတစ်လွှားရှိ ဓာတ်ဆီဆိုင်များနှင့် လေဆိပ်များတွင် လောင်စာဆီပြတ်လပ်လျက်ရှိသလို ဆူပါမားကက်များနှင့် ဆေးရုံများတွင်လည်း ပစ္စည်းပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ 

လောင်စာဆီပြဿနာကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် အမှိုက်သိမ်းယူရေးတို့ကို ထက်ဝက်ခန့် လျှော့ချလိုက်ရသည်။ ဆရာ၊ ဆရာမများ ကျောင်းသို့သွားရန် အခက်ကြုံနေရသောကြောင့် စာသင်ကျောင်းအတော်များများ ပိတ်ထားရသည်။ 

“အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ပြီး အစွန်းရောက်တဲ့သဘောထား ထုတ်ဖော်နေတဲ့သူတွေကြောင့် ကျွန်တော်တို့ ပြည်သူတွေပဲ ထိခိုက်နေရပါတယ်။ ဆေးရုံတွေမှာ ဆေးဝါးနဲ့တခြားဆေးပစ္စည်းတွေ ပြတ်လပ်လို့ လူ့အသက်ကယ်တင်လို့ မရနိုင်တဲ့အခြေအနေမျိုးတော့ ကျွန်တော်တို့အဖြစ်ခံမှာ မဟုတ်ပါဘူး။ စာသင်ကျောင်းတွေ ပိတ်ရတာကြောင့် ကလေးငယ်တွေ ထိခိုက်ရတာမျိုးလည်း ဖြစ်ခွင့်ပေးမှာ မဟုတ်ပါဘူး”ဟု သမ္မတတီမာက ပြောကြားသည်။ 

သို့သော် သောကြာနေ့ည၊ စနေနေ့ နံနက်ပိုင်းအထိ လမ်းပန်းဆက်သွယ်မှုများ ပိတ်ဆို့နေဆဲဖြစ်ပြီး ထူးခြားမှုမရှိသေးကြောင်း သတင်းဌာနများက ဆိုသည်။ 

စစ်တပ်ဖြင့်နှိမ်နင်းမည်ဟူသော ခြိမ်းခြောက်မှု ထွက်ပေါ်လာပြီးနောက် ဘရာဇီးကုန်တင်ကားမောင်းသူများအသင်း Abcam က ကုန်တင်ကားမောင်းသူများအနေနှင့် လမ်းပိတ်ဆို့မှုများမပြုလုပ်ကြရန် တိုက်တွန်းဆော်ဩလိုက်သည်။ အဆိုပါအသင်းတွင် ကုန်တင်ကားမောင်းသူ ခြောက်သိန်းခန့်ရှိသည်ဟု ဆိုသည်။ 

F-01