News

POST TYPE

NEWS

ဗီယက်နမ်သို့ထိုးဖောက်လာသည့် တောင်ကိုရီးယား Hagwon စနစ်
26-May-2018


တောင်ကိုရီးယားနိုင်ငံတွင် Hagwon ဆိုသည့် ပုဂ္ဂလိကပညာရေးစနစ်သည် အမြစ်တွယ် ခိုင်မာလျက်ရှိသည်။ ယခုအခါ တောင်ကိုရီးယား ပုဂ္ဂလိက ပညာရေးဌာနများသည် အာရှကို ထိုးဖောက်ရန် အားထုတ်နေသည်။ တောင်ကိုရီးယားသည် သူတို့ပညာရေးစနစ်ဖြစ်သည့် Hagwon ကို ပြည်ပပို့ကုန် တစ်ခုအနေနှင့် ဗီယက်သို့ တိုးဝင်နိုင်စေရန် ကြိုးစားလျက်ရှိသည်။

ဗီယက်နမ်နိုင်ငံတွင် ငယ်ရွယ်သောမိဘများသည် ကိုရီးယားပညာရေးစနစ်ကို အလွန်စိတ်ဝင်စားနေကြသည်။ ကိုရီးယားက ဗီယက်နမ်တွင် အင်္ဂလိပ်စာသင်ကြားရေးကို လာပြီးလုပ်ရန် ကြိုးစားနေသည်။ ကိုရီးယားတွင် အင်္ဂလိပ်စာကို မူလတန်းအဆင့်များတွင်မသင်ရန် ပြဋ္ဌာန်းပြီးနောက် ပြည်ပကို ခြေဆန့်လာခြင်းဟု ဆိုရမည်။ 

Chungdahm Learning ဆိုသည့် ကုမ္ပဏီသည် ဆိုးလ်မြို့တွင် အခြေစိုက်ထားပြီး အင်္ဂလိပ်စာကို အထူးပြုသင်ကြားနေသည့် ပုဂ္ဂလိက Hagwon တစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် Chungdahm သည် ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် Apex နှင့်ပူးပေါင်းပြီး ဟနွိုင်းမြို့တွင် အင်္ဂလိပ်စာသင် Hagwon ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ Apex သည် ဟနွိုင်းတွင် အင်္ဂလိပ်စာသင်သည့် ကိုရီးယားကျောင်းအဖြစ် နာမည်ရလာသည်။ အထူးသဖြင့် ကလေးငယ်များကို အင်္ဂလိပ်စာသင်ကြားရေးတွင် ထင်ရှားလာသည့် ကျောင်းတစ်ကျောင်းဖြစ်လာသည်။ 

ဗီယက်နမ်တွင် တောင်ကိုရီးယားကုမ္ပဏီသည် အောင်မြင်လာသည့်အခါတွင် ကျောင်းခွဲတွေများစွာ ဖွင့်ခဲ့သည်။ ၂၀၁၇ ခုနှစ်ကုန်တွင် ကျောင်းခွဲပေါင်း ၄၅ ခု ထူထောင်နိုင်ခဲ့ပြီး ယခုအခါ ကျောင်းသားပေါင်း ၂၅၀,၀၀ ခန့်ရှိသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကျောင်းနေနိုင်သည့် ကျောင်းသားအရေအတွက်များ ကျဆင်းလျက်ရှိကြောင်း Statistics Korea တွင် ဖော်ပြထားသည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကျောင်းနေနိုင်သည့် အသက် ၆ နှစ်မှ ၂၁ နှစ်အရွယ် လူငယ် ၂၅ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်။ ကျောင်းနေနိုင်သည့် အရွယ်ကျောင်းသား ၁၁ ဒသမ ၃၈ သန်းမှ ၈ ဒသမ ၄၆ သန်းသို့ လျော့ကျသွားခြင်းဖြစ်သည်။ လာမည့် ဆယ်စုတစ်စုအတွင်း ယင်းအရေအတွက်သည် တိုးလာစရာအကြောင်းမရှိ၊ ဆက်ပြီးကျဆင်းသွားရန်သာရှိကြောင်း ၂၀၂၇ ခုနှစ်တွင် ၆ နှစ်မှ ၂၁ နှစ်အရွယ် ၇ သန်းသာရှိနိုင်တော့ကြောင်း၊ ရှေ့ဆက်ပြီး တိုးလာရန်မရှိ၊ ကျဆင်းရန်သာရှိကြောင်းလည်း Statistics Korea တွင် သုံးသပ်ထားသည်။ 

ထို့ကြောင့် တောင်ကိုရီးယားနိုင်ငံတွင် အနာဂတ်ကို လှမ်းမြော်သူတွေက ပြည်တွင်းထက်၊ ဖွံ့ဖြိုးဆဲနိုင်ငံများဘက်ကို ဦးလှည့်လာသည်။ Daekyo ကုမ္ပဏီသည် ဆိုးလ်မြို့တွင် ဖွင့်လှစ်ထားပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကျောင်းသားဦးရေ ကျဆင်းလာမှုကြောင့် ဒေါ်လာ ၇၄၉ ဒသမ ၆ သန်းအထိ ဆုံးရှုံးသွားခဲ့ရကြောင်း ထုတ်ပြန်ထားသည်။ 

“ပြည်တွင်းဈေးကွက်မှာ ကျောင်းတက်နိုင်တဲ့ ကျောင်းသားအရေအတွက် ကျဆင်းလာခြင်းဟာ စီးပွားရေးကျလာတဲ့ သဘောပဲ။ ဒါကြောင့် ကျွန်တော်တို့ စီးပွားရေးပုံစံကိုလည်း ပြောင်းမှဖြစ်တော့မယ်”ဟု Hanwha Investment & Securities မှ လီဆောင်ဝုက ပြောကြားသည်။

တောင်ကိုရီးယား ပညာရေးအေဂျင်စီများက ဗီယက်နမ်ကို မျက်စိကျနေရခြင်းမှာ အကြောင်းရှိသည်။ ဗီယက်နမ်တွင် လူငယ်ဦးရေများပြားသည်၊ မိဘတွေကလည်း ငယ်ရွယ်ပြီး ပညာရေးစိတ်ဝင်စားကြသည်။ ထို့ပြင် စီးပွားရေးအနေအထား ကောင်းလာသောကြောင့် မိမိတို့သားသမီးများအတွက် ငွေဖြုန်းနိုင်သည့် အနေအထားတွေလည်း ရှိကြသည်။ 

တောင်ကိုရီးယားမှ JLS အေဂျင်စီဆိုလျှင် တရုတ်နိုင်ငံအထိ အင်္ဂလိပ်စာသင်ကြားနိုင်ရေးကို ထိုးဖောက်နေသည်။ ဗီယက်နမ်နိုင်ငံတွင် ကျောင်းသွားဖွင့်ထားရင်းက တရုတ်တွေကို အွန်လိုင်းက အင်္ဂလိပ် စာသင်ကြားနိုင်ရန် စီစဉ်နေသည်။ Digital Daesung ကုမ္ပဏီသည်လည်း ဗီယက်နမ်နိုင်ငံ အင်္ဂလိပ်စာသင်ကြားရေးကို ရောက်လာရုံမက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက်လည်း လေ့ကျင့်ပေးနိုင်ရန် ပြင်ဆင်နေသည်။ 

ဗီယက်နမ်နိုင်ငံသည် လူဦးရေ ၉၆ သန်းကျော်ရှိကြောင်း CIA World Factbook တွင် ဖော်ပြထားသည်။ ၁၉၇၅ ခုနှစ် စစ်ပွဲပြီးသည့် နောက်ပိုင်းတွင် ၁၉၈၀ ပြည့်လောက်ကတည်းက လူငယ်အရေအတွက် စတင်ဖွံ့ဖြိုးလာသည့်နိုင်ငံဟု ဆိုရမည်။ နိုင်ငံပြန်လည်ထူထောင်စဉ်က မွေးဖွားလာသူများပင် အသက် ၃၀ အရွယ်တွေ ဖြစ်လာပြီ။ အထက်တန်းကျောင်း ပညာအဆင့်အထိ သင်ယူသူတွေလည်း များလာသည်။ သူတို့သည် ကမ္ဘာ့အဆင့်ကိုယှဉ်နိုင်ရန် ကြိုးစားရကောင်းမှန်း ပတ်ဝန်းကျင်နိုင်ငံများထက် ပိုသိသည်။ ပိုလည်း ပညာရေးအတွက် ရင်းနှီးမြှုပ်နှံရကောင်းမှန်း နားလည်ထားသောကြောင့် တောင်ကိုရီးယား အေဂျင်စီများ ဗီယက်နမ်တွင် ခြေဦးမှုရယူနေသည်မှာ အမှန်အကန်ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဆိုရမည်။ 

လက်ရှိအနေအထားတွင် တောင်ကိုရီးယား အေဂျင်စီများ ဗီယက်နမ်နိုင်ငံတွင် ပညာရေးအတွက် ပြင်ဆင်နေသော်လည်း အကျိုးအမြတ်ကား အလွန်နည်းဦးမည်ဖြစ်သည်။ သူတို့တွင် ဒေသခံကုမ္ပဏီအပြင် အခြားနိုင်ငံတကာမှ ကုမ္ပဏီများကိုလည်း ယှဉ်ပြိုင်နေရသေးသောကြောင့် ဖြစ်သည်။ သို့သော် အခြားကုမ္ပဏီတွေထက်တော့ အလားအလာကောင်းကြောင်း Korea Trade-Investment Promotion Agency က ပြောကြားသည်။

အနာဂတ်တွင် စီးပွားရေးကို ပညာရေးနှင့် လိုက်တွန်းတင်နေသည့် နိုင်ငံတွေက တွန်းတင်နေကြသည်။ အိုင်တီနှင့် နည်းပညာသည် နေရာတိုင်းမလွတ်။ နည်းပညာကို အကောင်အထည်ဖော်ရန်လည်း အင်္ဂလိပ်စာက အရေးကြီးသလို ပြောဆိုဆက်သွယ်ရေးကလည်း အင်္ဂလိပ်ဘာသာစကားသည် မပြောမဖြစ်၊ မပါမဖြစ် သဘောဆောင်နေသည်။ ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံရကောင်းမှန်းသိသော နိုင်ငံနှင့်လူမျိုးတို့သည် ပညာကို အငမ်းမရလိုက်နေကြသည်။ ထိုအချိန်တွင် ပညာရေးကို ရင်းနှီးမြှုပ်နှံမှုအပေါ် သံသယဖြစ်နေသည့် နိုင်ငံတွေက ဗီယက်နမ်အနီးတွင်ရှိနေသည်။ ဗီယက်နမ်သည် စီးပွားရေး၊ ပညာရေး၊ နည်းပညာအားလုံးနှင့် ပြိုင်တူတွန်းနေသည်။ သူတို့ပြိုင်တူတွန်းနည်းတွင် ငြာသံတွေ မကြားရသည်က ထူးဆန်းသည်ဟု ဆိုရမည်။ 

E-01
(Ref: Korea JoongAng Daily)





  • VIA