News

POST TYPE

NEWS

ဘီးလင်းတွင် ကျောင်းသားနှင့် ဒေသခံ ၄၀ ဦးခန့် အစာအဆိပ်သင့်
23-Jul-2016
မော်လမြိုင်၊ ဇူလိုင် ၂၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာ အထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ စုစုပေါင်း လူ ၄၀ ခန့် အစာအဆိပ်သင့်ခဲ့ကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုအေးက ပြောကြားသည်။

မုသင်ကျေးရွာ အထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ကိုးဦးခန့် အပါအဝင် စုစုပေါင်း လူအယောက် ၄၀ ခန့်သည် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဗိုက်နာခြင်း၊ အော့အန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
“စဖြစ်တာက ကလေးတွေ ဗိုက်နာအန်တာပေါ့နော်၊ ကျွန်တော်တို့က ပုံမှန်အန်တာ ထင်တာပေါ့၊ ဆရာမကြီးက ဆေးတွေ ဘာတွေလိမ်းပေးတယ်။ နောက်ထပ် ကလေးတွေ ထပ်ဖြစ်လာတယ်၊ နောက်ဆက်တိုက် ဆက်တိုက် တောက်လျှောက်ဖြစ်တာ တောက်လျှောက်ဖြစ်တော့ ကျွန်တော်တို့လဲ လူမှုအသင်းအဖွဲ့တွေရော တိုက်ရိုက်ဆေးရုံပို့တယ်” ဟု ဦးအောင်ကိုအေးက ပြောဆိုသည်။

ဇူလိုင်လ ၂၂ ရက် နံနက်တွင် အစာအဆိပ်သင့်သူများ ပြန်လည်ကောင်းမွန်လာပြီး အစာအဆိပ်သင့်သည့် အကြောင်းရင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဟုဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောကြားသည်။

အစာအဆိပ်သင့်ခဲ့သူများတွင် မုသင်ကျေးရွာ အထက်တန်းကျောင်းခွဲမှ အဋ္ဌမတန်း ကျောင်းသားများ အပါအဝင် KG တန်း၊ မူလတန်း အစရှိသည့် အတန်းစုံမှ ကျောင်းသားများ ပါဝင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မသန့်ရှင်းသော အစားအသောက်များကို စားသုံးခြင်းကြောင့် အစာအဆိပ်သင့်ခြင်း ဖြစ်ပွားတတ်ပြီး ရောဂါပိုးများကြောင့် ဖြစ်ပွားမှုများသည့်အပြင် အခြားအဆိပ်အတောက် ဖြစ်စေသော ဓာတုပစ္စည်းများ၊ မှို၊ အပင်များနှင့် ငါး၊ ခရုများရှိ အဆိပ်ဖြစ်စေသော ဓာတ်ပစ္စည်းများကြောင့်လည်း ဖြစ်ပွားတတ်သည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ထုတ်ပြန်ထားသည့် အစာအဆိပ်သင့်မှု မဖြစ်ပွားစေရန် နှိုးဆော်စာအရ ဖော်ပြထားသည်။

အစာအဆိပ်သင့် ဖြစ်စေနိုင်သည့် အကြောင်းရင်းနှစ်ရပ် ရှိပြီး ရောဂါပိုးကြောင့် အစာအဆိပ်သင့်ခြင်းနှင့် ဓာတုပစ္စည်းများကြောင့် အစာအဆိပ်သင့်ခြင်းတို့ ဖြစ်သည်။

Dawei Watch