News

POST TYPE

NEWS

ရွှေတိဂုံစောင်းတန်းရှိ နိဗ္ဗာန်ကုန်ဆိုင်နှင့် ရဟန်းအချို့ကြား အချင်းများမှု မဘသနှင့် မသက်ဆိုင်ဟုရှင်း
23-Jul-2016 tagged as

ရန်ကုန်၊ ဇူလိုင် ၂၂

ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းတွင် နိဗ္ဗာန်ကုန်ပစ္စည်းများ ရောင်းချနေသည့် ဆိုင်ခန်းတစ်ခုနှင့် ရဟန်းတော်အချို့အကြား ဖြစ်ပွားခဲ့သည့် အချင်းများမှုမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် မသက်ဆိုင်ကြောင်း အဆိုပါအဖွဲ့က ဇူလိုင်လ ၂၂ ရက်နေ့က ဖြေရှင်းချက် ထုတ်ပြန်သည်။

အဆိုပါ လုပ်ရပ်သည် မဘသအဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိသည့်အပြင် စေခိုင်းခြင်း၊  ညွှန်ကြားခြင်းလည်း မရှိကြောင်း မဘသ (ဗဟို) ၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ဖြေရှင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်သည် မဘသအဖွဲ့က ပြုလုပ်ခြင်း ဖြစ်ကြောင်း အင်တာနက် စာမျက်နှာများတွင် ဗီဒီယိုဖိုင်များဖြင့် လုပ်ကြံဖန်တီးကာ မဘသအဖွဲ့ကို ပုံရိပ်ကျဆင်းစေရန် လုပ်ဆောင်နေခြင်းကြောင့် ဖြေရှင်းချက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဒေါက်တာအရှင်သောပါက မိန့်ကြားသည်။

အခင်းဖြစ်ပွားသည့် ဆိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံကာ မေးမြန်းခဲ့သည့်အပြင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်များကို စစ်ဆေးတွေ့ရှိမှုများအရ အဆိုပါဖြစ်စဉ်တွင် မဘသအဖွဲ့ဝင် ရဟန်းတော်များ ပါဝင်ခြင်း မရှိကြောင်း ၎င်းက မိန့်ကြားသည်။
“အရင်တုန်းက အမေရိကန်သံရုံး ကိစ္စမှာ ဆန္ဒပြတုန်းကလား မသိဘူး၊ ဗီဒီယိုဖိုင်တွေနဲ့ ဖြတ်ညှပ်ပြီးတော့ လုပ်ထားတာ တွေ့ရတယ်” ဟု ဒေါက်တာအရှင်သောပါက ဆိုသည်။

အဆိုပါ နိဗ္ဗာန်ကုန်ဆိုင် အနေနှင့် ဘုရားဆင်းတုတော်များ အပါအဝင် ကုန်ပစ္စည်းများကို ဘာသာခြားများထံမှ ဖောက်သယ်ယူ ရောင်းချသည်ဟုဆိုကာ ဇူလိုင်လ ၂၁  ရက်နေ့က မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့ အတွင်းရေးမှူး အရှင်သုစိတ္တ အပါအဝင် ရဟန်းတော် ဆယ်ပါးဝန်းကျင်နှင့် ဈေးဆိုင်များ၊ စောင်းတန်းတာဝန်ရှိသူများ၊ စေတီဂေါပက အဖွဲ့ဝင်များအကြား အချင်းများခဲ့ခြင်း ဖြစ်သည်။

အချင်းဖြစ်ပွားစဉ် အသက် ၇၀ ဝန်းကျင်ရှိ စောင်းတန်းဥက္ကဋ္ဌကိုလည်း ရဟန်းတော်တစ်ပါးက ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

မဘသအဖွဲ့ အနေနှင့် သာသနာရေး လုပ်ငန်းများ၊ လူမှုကူညီရေး၊ ပရဟိတ လုပ်ငန်းများနှင့် အမျိုးသားရေး လုပ်ငန်းများကို ဓမ္မဝိနယနှင့်အညီ တရားဥပဒေဘောင် အတွင်းမှ ငြိမ်းချမ်းစွာ ဆောင်ရွက်နေသော အဖွဲ့အစည်းကြီးဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် ဖြေရှင်းချက်တွင် ဖော်ပြထားသည်။

  • TAGS