News

POST TYPE

NEWS

ဘတ်စ်ကား အများပိုင်ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံလျှင် ဓာတ်ဆီဖြန့်ချိခွင့် ရမည်ဟု ဝန်ကြီးချုပ်ဆို
23-Jul-2016 tagged as

ရန်ကုန်၊ ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ဖွဲ့စည်းမည့် ဘတ်စ်ကား အများပိုင် ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံလျှင် ဓာတ်ဆီ၊ ဒီဇယ်ဖြန့်ချိရေး လုပ်ငန်းကို လုပ်ကိုင်ခွင့်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဇူလိုင်လ ၂၂ ရက်နေ့က အဆိုပါ အာဏာပိုင်အဖွဲ့တွင် နာယကအဖြစ် တာဝန်ယူထားသည့် ဝန်ကြီးချုပ်နှင့် ယာဉ်လုပ်သားများ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မြို့တွင်း) တွင် တွေ့ဆုံစဉ်တွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် ဓာတ်ဆီဖြန့်ဖြူးရန် လျှောက်ထားခွင့်ကို လက်ရှိတွင် ရပ်ဆိုင်းထားသည်။ 

ဘတ်စ်ကား အများပိုင်ကုမ္ပဏီ အဖြစ် ပြောင်းလဲဖွဲ့စည်းချိန်တွင် အရှုံးပေါ်လာပါက ကာမိစေရန် ဓာတ်ဆီနှင့် ဒီဇယ် ဖြန့်ချိရေးကို လုပ်ကိုင်ခွင့်ပြုမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဆိုသည်။ 
“အရှုံးပေါ်တဲ့ နေရာမှာ ပြည်သူလူထုအတွက် ဆိုရင် ဒီယာဉ်လိုင်းက ဘယ်လောက်အနစ်နာခံ ပြေးဆွဲခဲ့လဲအပေါ်မှာ မူတည်ပြီး သူက အခြားနည်းလမ်း တစ်ရပ်နဲ့ ရနိုင်မယ့် သူ့ရဲ့လုပ်ငန်းတွေပါ တွဲပြီး ရပ်တည်ပေးနိုင်ဖို့ နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ဆိုသည်။

ဘတ်စ်ကား အများပိုင်ကုမ္ပဏီရှိ ယာဉ်လိုင်းများမှာ အမှန်တကယ်ရှုံးခြင်း ရှိ၊ မရှိ မစစ်ဆေးနိုင်သည့် အတွက် လက်မှတ်စနစ် အသုံးပြု၍ စီစစ်သွားမည် ဖြစ်ကြောင်း  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ရှင်းပြသည်။ 

ပြီးခဲ့သည့် စစ်အစိုးရလက်ထက် နေပြည်တော်ရှိ အခြေခံအဆောက်အဦများကို အရှုံးခံ ဆောက်လုပ်ခဲ့ကြသည် ဆိုကာ လုပ်ငန်းရှင်ကြီးများကို အခြားသော လုပ်ကိုင်ခွင့်များ ပေးခဲ့ကြောင်း၊ ထို့ပြင် မြန်မာနေရှင်နယ်လိဂ် စတင်တည်ထောင်စဉ်ကလည်း အရှုံးခံ ပါဝင်ခဲ့ကြသည့် ဘောလုံးအသင်း တည်ထောင်သူများကို အခြားသော စီးပွားရေး လုပ်ပိုင်ခွင့်များ ပေးခဲ့ကြောင်း  သတင်းများ ထွက်ပေါ်ခဲ့သည်။ 

လက်ရှိတွင် ဝန်ကြီးချုပ်၏ လုပ်ဆောင်မှုမှာ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းကို အရှုံးခံလုပ်ဆောင်ခြင်း အတွက် မက်လုံးပေးခြင်း ဖြစ်၍ နိုင်ငံတကာတွင်လည်းရှိကြောင်း ပြည်တွင်းစီးပွားရေး လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ကြေညာစာတမ်းပါ စီးပွားရေး မူဝါဒတွင် အကျိုးအမြတ် အဓိက မဟုတ်သော လုပ်ငန်းများနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအတွက် သက်သာခွင့်များ ပေးသွားမည်ဟု ဖော်ပြထားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ဦးဆောင်ဖွဲ့စည်းမည့် ဘတ်စ်ကား အများပိုင်ကုမ္ပဏီတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ ပါဝင်မည်ဖြစ်ပြီး အခြားသော မော်တော်ယာဉ် လုပ်ငန်းရှင်များကိုလည်း ပါဝင်ရန် ဖိတ်ခေါ်ထားသည်။ 

  • TAGS