News

POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည် တရုတ် ဦးစွာသွားမည်
23-Jul-2016 tagged as

ရန်ကုန်၊ ဇူလိုင် ၂၂

သမ္မတ အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည်ဆိုသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဦးစွာသွားရောက်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထံမှ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားဝင် ဖိတ်ကြားချက်အရ သြဂုတ်လ တတိယပတ်အတွင်း ဘေဂျင်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည် ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က The Voice သို့ ပြောဆိုသည်။

ယင်းအပြင် မလေးရှားနိုင်ငံသို့လည်း သွားရောက်ရန် စီစဉ်မှုများ ရှိနေပြီး သွားရောက်မည့် နေ့ရက်အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

သမ္မတသက်တမ်း ကုန်ဆုံးမည့် ဇန်နဝါရီလ မတိုင်မီ အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ပြီး စက်တင်ဘာလ ဝန်းကျင်တွင် သွားရောက်ဖွယ်ရှိကြောင်း အမေရိကန် သတင်းဌာန အချို့က ခန့်မှန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ စုံစမ်းမေးမြန်းသော်လည်း အတည်မပြုနိုင်သေးကြောင်းသာ ပြောဆိုပြီး ဦးဝင်းထိန်ကမူ သြဂုတ်လ တတိယပတ်တွင် သွားရောက်ရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်နေပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံခေါင်းဆောင်အဖြစ် ရှိနေချိန် ၂၀၁၂ ခုနှစ်က အမေရိကန်ပြည်ထောင်စုသို့ ၁၇ ရက်ကြာ သွားရောက်ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အာဏာရပြီးနောက် သမ္မတ ဦးထင်ကျော်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် လာအိုနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။ ယင်းနောက် ထိုင်းနိုင်ငံသို့ ခရီးဆက်ခဲ့ပြီး ယခုတစ်ဖန် အာဆီယံ အစည်းအဝေးများ ကျင်းပနေသည့် လာအိုနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံသွားရောက်လျက် ရှိသည်။ 

  • TAGS