News

POST TYPE

NEWS

အိန္ဒိယသို့ တင်ပို့ရောင်းချမည့် ရေအားလျှပ်စစ် စီမံကိန်းများ ပြန်လည်စတင်မည်
23-Jul-2016 tagged as

မန္တလေး၊ ဇူလိုင်၂၂

ယခင်အစိုးရလက်ထက်က ရပ်နားထားခဲ့ပြီး အိန္ဒိယဘက်ကို တင်ပို့ရောင်းချမည့် ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ မဏိပူရမြစ်နှင့် ပလက်ဝမြို့နယ် လေးမြို့မြစ်တို့ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများကို ပြန်လည် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့က ပြောကြားသည်။

“စီမံကိန်း တစ်ခုကို မဂ္ဂါဝပ် ၅ဝဝ လောက် ရမယ်။ စုစုပေါင်း ၁ဝဝဝ မဂ္ဂါဝပ်မှာ ပြည်နယ်အတွက်က ၁ဝဝ မဂ္ဂါဝပ်လောက်ဆို လုံလောက်တယ်။ ကျန်တဲ့ ၉ဝဝ ကို ပြည်နယ်ရန်ပုံငွေအတွက် အိန္ဒိယဘက်ကို တင်ပို့ ရောင်းချသွားမယ်”ဟု ဦးဇိုဘွဲ့က ပြောဆိုသည်။

ယင်းစီမံကိန်းများ စတင်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက် စောင့်ဆိုင်းနေပြီး လက်ရှိအစိုးရသစ် လက်ထက်အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကာ ကုန်ကျစရိတ် မသိရှိနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ဒီစီမံကိန်းတွေရဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှု၊ လူမှုဝန်းကျင် ထိခိုက်နိုင်မှုတွေကို ကျွန်တော်တို့ သေသေချာချာ ကွင်းဆင်း ဆောင်ရွက်ဦးမှာပါ။ ဒါတွေပြီးမှ စီမံကိန်းကို လုပ်ဆောင်မှာပါ”ဟု ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြည်နယ်အစိုးရအနေနှင့် စစ်တမ်း ကောက်ယူမှုများမှ ရလာသည့် အချက်အလက်များကို ပြည်သူများသို့ ချပြပြီး ၎င်းတို့ကို ဆုံးဖြတ်စေချင်ကြောင်း၊ သို့မှသာ နောက်အခါတွင် စီမံကိန်းအတွက် အစိုးရနှင့်ပြည်သူ အငြင်းပွားမှုများ ဖြစ်လာမည် မဟုတ်ကြောင်း၊ ထိုသို့ စစ်တမ်း ကောက်ယူရန်အတွက်လည်း မိမိတို့အနေနှင့် ပူးပေါင်း ပါဝင်ရန် အသင့်ရှိကြောင်း ချင်းတောင် သဘာဝ သယံဇာတ ထိန်းသိမ်းရေးအဖွဲ့ဝင် ဦးတွောင်က ဆိုသည်။

“ထွက်လာတဲ့ ဓာတ်အားကို ကိုယ့်ဘက်က ၁ဝ ရာခိုင်နှုန်းပဲ သုံးပြီး ဟိုဘက်ကို ၉ဝ ရာခိုင်နှုန်း ရောင်းမယ်ဆိုတာတော့ သဘော မကျဘူး။ စီမံကိန်း ဝန်းကျင်ဒေသတွေအတွက် ဒီထက် ပိုပြီး သုံးစွဲ ပေးသင့်တယ်”ဟု ၎င်းက ပြောဆိုသည်။

မဏိပူရ စီမံကိန်းကို ဂျပန်နိုင်ငံ ကုမ္ပဏီက ဆာဗေးတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင်လည်း ထိုကုမ္ပဏီနှင့်ပင် ပြုလုပ်မည်ဖြစ်ကြောင်း၊ လေးမြို့မြစ် စီမံကိန်းအတွက် တရုတ်နိုင်ငံ ကုမ္ပဏီက ဆာဗေးတိုင်းမှုများ ရှိခဲ့သော်လည်း အခြား ကုမ္ပဏီ တစ်ခုခုဖြင့် ပြန်လည် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ စီမံကိန်းများ ပြီးစီးမှသာ အိန္ဒိယဘက်သို့ ရောင်းချရန်အတွက် ညှိနှိုင်း သွားရမည်ဖြစ်ပြီး ပြည်နယ်အစိုးရထံမှ ထပ်မံ သိရှိရသည်။

ယခင်အစိုးရလက်ထက်များက မဏိပူရ စီမံကိန်းကို စစ်ကိုင်းတိုင်းနှင့် လေးမြို့ စီမံကိန်းကို ရခိုင်ပြည်နယ်တို့အတွင်း ထည့်သွင်းခဲ့ပြီး အစိုးရသစ် လက်ထက်တွင် ချင်းပြည်နယ်အတွင်း ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် အစိုးရထံမှ သိရှိရသည်။



  • VIA
  • TAGS