News

POST TYPE

NEWS

မြောက်ကိုရီးယား၏ ခေတ်ဟောင်းပုံစံ သူလျှိုအသံလွှင့် အချက်ပြမှုကို တောင်ကိုရီးယား ပြစ်တင်ရှုတ်ချ
22-Jul-2016

ပြုံယမ်း၊ ဇူလိုင် ၂၁

မြောက်ကိုရီးယား၏ စစ်အေးခေတ် ပုံစံ သူလျှိုဆက်သွယ်မှု နည်းလမ်း ပြန်လည်အသုံးပြုမှုကို တောင်ကိုရီးယား တာဝန်ရှိသူ များက ပြစ်တင်ရှုတ်ချလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သော သီတင်းပတ်များအတွင်း ပြုံယမ်းရေဒီယိုမှ လျှို့ဝှက်အချက်ပြလွှင့် ထုတ်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ရာ မြောက်ကိုရီးယား၏ ရည်ရွယ်ချက်အမှန်ကို မသိနိုင်သော်လည်း ယင်းကဲ့သို့ ခေတ်ကုန်နေသည့် လုပ်ရပ်များကို ရပ်တန်းကရပ်ရန် တောင်ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပြီးခဲ့သော သောကြာနေ့က သန်းခေါင်ကျော်အချိန်တွင် အမျိုးသမီးအသံဖြင့် ၁၂ မိနစ်ကြာ လွှင့်ထုတ်မှု ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၄ ရက်ကလည်း အလားတူ ၂ မိနစ်ကြာ လွှင့်ထုတ်မှု ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယားထောက်လှမ်းရေးက အဓိပ္ပာယ်ဖော်ရန် ကြိုးစားနေသော်လည်း ရန်စလှုံ့ဆော်မှုများ ဖြစ်လာနိုင်ခြေ ရှိသောကြောင့် အထူးသတိထား စောင့်ကြည့်လျက်ရှိသည်။

ယင်းကဲ့သို့ အချက်ပြ လွှင့်ထုတ်မှုများကို စစ်အေးခေတ်က သူလျှိုများအား ဆက်သွယ်ရာတွင် များသောအားဖြင့် အသုံးပြုလေ့ရှိသည်။

လွှင့်ထုတ်သော စကားဝှက် ဂဏန်းများကို ညွှန်ကြားချက်အဖြစ် အဓိပ္ပာယ်ဖော်ရန် ရည်ညွှန်းစာအုပ်ကို သူလျှိုများက အသုံးပြုကြရသည်။

သို့ရာတွင် မြောက်ကိုရီးယားသည်  ၎င်းနည်းလမ်းများကို ၂ဝဝဝ ခုနှစ် ကတည်းက သုံးစွဲခြင်း မရှိတော့ဘဲ ယခုနောက်ပိုင်းတွင် အင်တာနက်ကို အသုံးပြုနေပြီဖြစ်ရာ ယခုလုပ်ရပ်၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်အမှန်ကို ဖော်ထုတ်ရန် တောင်ကိုရီးယား အရာရှိများက ဆန်းစစ်လျက်ရှိသည်။

ပြီးခဲ့သော လပိုင်းများအတွင်း မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများအပေါ် တောင်ကိုရီးယားနှင့် အနောက်အုပ်စုက တုံ့ပြန်အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာ ကိုရီးယား နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုကဲ့သို့ အသံလွှင့် အချက်ပြ လွှင့်ထုတ်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

နယ်သာလန် လေဒင်တက္ကသိုလ်မှ  ကိုရီးယားရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဘရူကာက “မြောက်ကိုရီးယားသည် မလှုပ်ရှားသေးဘဲ ပုန်းခိုနေသော သူလျှိုများကို အချက်ပြ နှိုးဆော်ခြင်း ဖြစ်နိုင်သလို အမှန်တကယ် မရှိသော သူလျှိုများကို ဟန်ဆောင်ညွှန်ကြားပြခြင်းဖြင့် တောင်ကိုရီးယားကို ဖိအားပေးရန် ကြိုးစားသည့် လုပ်ရပ်လည်း ဖြစ်နိုင်သည်” ဟု BBC သို့ ပြောကြားသည်။

“တစ်နည်းပြောရရင် ပြုံယမ်းရဲ့ စစ်ရေးပြ အခမ်းအနားက အဆန်မပါတဲ့ ဒုံးကျည်အခွံတွေလိုပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

BBC စောင့်ကြည့်အစီအစဉ်မှ မြောက်ကိုရီးယား မီဒီယာ ဆန်းစစ်သူ အလစ်စတယ်ကိုးလ်မန်းက ၎င်းသတင်းစကားများသည် တောင်ကိုရီးယားဘက်တွင် သထိထား တပ်လှန့်ခြင်းကို ဖြစ်စေသော်လည်း လှည့်စားခြိမ်းခြောက်မှု ဖြစ်နိုင်ခြေများကြောင်း၊ ထို့ပြင် ယင်းကဲ့သို့ ဇာတ်လမ်းများသည် အမြဲတမ်း သတင်းထူး ရှာဖွေနေသော တောင်ကိုရီးယား မီဒီယာများအတွက် သည်းခြေကြိုက် ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။