News

POST TYPE

NEWS

စီအန်ဂျီ အရောင်းဆိုင်များတွင် မထသ (ဗဟို) ဝန်ထမ်းများ ထားရှိဟုဆို
22-Jul-2016 tagged as

ရန်ကုန်၊ ဇူလိုင် ၂၁

မထသ ထောက်ခံချက် ရယူပြီး စီအန်ဂျီ ထုတ်ယူရမည်ကို ခရီးသည်တင် ယာဉ်လိုင်းအချို့ မသိရှိ၍ စီအန်ဂျီ အရောင်းဆိုင် ၃၁ ဆိုင်တွင် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီ ဝန်ထမ်းများကို တာဝန်ချထားကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

“ဆိုင်တွေက အကူအညီတောင်းလို့ ချထားလိုက်ရတာပါ။ အခုတော့ အတော်များများက သိနေပါပြီ။ ပထမတစ်ကြိမ် အနေနဲ့ ဇူလိုင်လ ၁၅ ရက်ကနေ ၁၇ ရက်အထိ တစ်ဆိုင်ကို လိုအပ်ချက်အရ နှစ်ဦး၊ သုံးဦး ထားရှိတယ်။ အဆင်ပြေမှု မရှိသေးရင် ထပ်ချမယ်။ လက်ရှိတော့ စောင့်ကြည့်ရဦးမယ်” ဟု မထသ (ဗဟို) ကော်မတီ အတွင်းရေးမှူး ဦးဘမြင့်က ဆိုသည်။

မထသ၏ ထောက်ခံချက်ဖြင့် စီအန်ဂျီ ထုတ်ယူရာတွင် ခရီးစဉ်မှတ်တမ်း (ဝေဘလ်) မဖွင့်ဘဲ ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်များကို သိရှိနိုင်ပြီး တစ်ရက်လျှင် ခရီးသည်တင်ယာဉ် တစ်စီးတွင် စီအန်ဂျီလီတာ သုံးစွဲမှုကို တွက်ချက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စီအန်ဂျီ စနစ်တကျ သုံးစွဲနိုင်ရေး အတွက် မထသ(ဗဟို)ကော်မတီကြီးကြပ်မှု အောက်ရှိ ယာဉ်လိုင်းအသီးသီးမှ ခရီးသည်တင်ယာဉ်များ အားလုံး မထသ ထောက်ခံချက်ဖြင့် စီအန်ဂျီ နေ့စဉ်ထုတ်ယူရသည့် စနစ်ကို ဇူလိုင်လ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ အနေနှင့် စီအန်ဂျီ ထုတ်ယူမှု ထောက်ခံချက် လက်မှတ်ကို တစ်ရက်ကြိုပေးပြီး ထောက်ခံချက်လက်မှတ် ရယူထားသော်လည်း မပြေးဆွဲနိုင်ခဲ့လျှင် ယာဉ်လိုင်းအနေနှင့် အခက်အခဲ မရှိစေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။
“ထောက်ခံချက် ယူထားပြီး မပြေးဆွဲဖြစ်လိုက်တဲ့ ယာဉ်ကို နောက်ရက်မှာ ပြန်လည်ပြေးဆွဲခွင့် ရှိအောင် စနစ်တကျ စိစစ်သွားမယ်။ ဒီလိုမျိုးက ဖြစ်လာနိုင်ခြေ ရှိတယ်။ ဒါကြောင့် ဘယ်လို့ဆောင်ရွက်သင့်တယ် ဆိုတာ စီစဉ်ပြီးသားပါ” ဟု ဦးလှအောင်က ဆိုသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း အနေနှင့် တစ်လလျှင် စီအန်ဂျီ ကုဗပေ သန်း ၂ဝ သုံးစွဲနေရပြီး စီအန်ဂျီ သုံးစွဲသည့်ယာဉ်မှာ ၂ဝဝ လီတာနှင့် ၂ဝဝ လီတာအထက် ၁၆ စီး၊ ၃ဝဝ လီတာနှင့် ၃ဝဝ လီတာ အထက် ၂၂ စီး၊ ၄ဝဝ လီတာ၊ ၄ဝဝ လီတာအထက် ၉၉ဝ စီး၊ ၅ဝဝ လီတာ နှင့် ၅ဝဝ လီတာအထက် ၆၅၆ စီးရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း ၁၃၂ ဆိုင်ရှိပြီး ခရီးသည်တင်ယာဉ်များ စီအန်ဂျီ ထုတ်ယူမှုများသည့် ၃၁ ဆိုင်ကိုသာ မထသ (ဗဟို) ကော်မတီက ဝန်ထမ်း ချထားခြင်းဖြစ်သည်။


  • TAGS