News

POST TYPE

NEWS

၁၉၈၂ နိုင်ငံသားဥပဒေကို ပြည်သူများ သိရှိစေရန် သတင်းစာရှင်းလင်းပွဲ လုပ်မည်
22-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၁

၁၉၈၂ နိုင်ငံသား ဥပဒေကို ပြည်သူများ ရှင်းလင်းစွာ သိရှိစေရန် ရည်ရွယ်၍ သတင်းစာရှင်းလင်းပွဲ တစ်ခုကို ဥပဒေ ပညာရှင်များနှင့် ရခိုင်အမျိုးသားပါတီတို့ ပူးတွဲပြုလုပ်မည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ Dolphin ဟိုတယ်တွင် ၁၉၈၂ နိုင်ငံသား ဥပဒေကို အထူးပြု လေ့လာနေသော တရားလွှတ်တော်ရှေ့နေများ တက်ရောက်ကာ ဆွေးနွေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှလည်း ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင်  ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို သိရှိရန်နှင့် ၁၉၈၂ နိုင်ငံသား ဥပဒေကို အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းများနှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အဓိကကတော့ ၁၉၈၂ နိုင်ငံသား ဥပဒေမှာ ပါဝင်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ပါ စာရွက်စာတမ်းတွေက ဘာတွေလဲ၊ ပြီးခဲ့တဲ့ ကာလက နိုင်ငံရေးပါတီများ မေးမြန်းတင်ပြခဲ့တဲ့ ရခိုင်ပြည်နယ် လူဝင်လူထွက်နဲ့ ပတ်သက်တဲ့ ကဏ္ဍကို အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတွေက ဘယ်လိုဖြေကြားခဲ့လဲ စတာတွေကို ရှင်းလင်းသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် လက်ရှိစိစစ်သည့် ကာလတွင် တာဝန်ရှိသူများက မီဒီယာများကို ဖြေကြားချက်နှင့် အစိုးရ၏ လုပ်ဆောင်ချက်များသည် ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း ကိုက်ညီမှုရှိခြင်း၊ မရှိခြင်းများကိုလည်း သုံးသပ်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီထံမှ သိရသည်။

ထို့ပြင် ၎င်းက အစိုးရမှ လက်ရှိဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များကို ရခိုင်တစ်မျိုးသားလုံးကလည်း  စိုးရိမ်မှုများ ရှိနေကြောင်း ဦးအေးမောင်က ဆိုသည်။
“အစိုးရအနေနဲ့က နိုင်ငံသား ဥပဒေကို တိတိကျကျ အကောင်အထည် ဖော်နေခြင်းလား၊ လိုရာဆွဲပြီးမှ နိုင်ငံသားစိစစ်ခြင်းရဲ့ အမည်အောက်မှာ နိုင်ငံသားအားလုံး ဖြစ်ရေးကို ဦးတည်နေခြင်းလား စတာတွေကို ရခိုင်တွေက စိုးရိမ်နေတာပါ” ဟု ၎င်းက ရှင်းပြသည်။

ပြည်ထောင်စုအစိုးရသည် ၂ဝ၁၆ မေလ ၃ဝ ရက်နေ့တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီ၏ လုပ်ငန်းစဉ်ခွဲတစ်ခု ဖြစ်သည့်  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ နိုင်ငံသားစိစစ်ရေး လုပ်ငန်းသည် တစ်ခု အပါအဝင် ဖြစ်ပြီး  ကော်မတီခွဲ သုံးခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။