News

POST TYPE

NEWS

၂၁ ရာစု ပင်လုံကို ထောက်ခံကြိုဆိုသည့် လှုပ်ရှားမှု ပြည်တွင်းပြည်ပ တစ်ပြိုင်နက် ပြုလုပ်မည်
22-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၁

မကြာမီ ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ပြည်သူလူထုက ထောက်ခံကြိုဆိုသည့် နိုင်ငံတကာလှုပ်ရှားမှု တစ်ရပ်အား မြန်မာနိုင်ငံ အပါအဝင် နိုင်ငံရပ်ခြားတွင် တစ်ပြိုင်နက် ပြုလုပ်မည် ဖြစ်ကြောင်း ညီလာခံကို ထောက်ခံကြိုဆိုသည့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများထံမှ သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့တော်ရှိ မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းရေးကို လိုလားသည့် ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆို သည့် ပြည်သူလူထုမှ ထောက်ခံကြိုဆိုသည့် လှုပ်ရှားမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ ကိုမြတ်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ အပါအဝင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတေးလျ၊ နယ်သာလန်နှင့် ဒိန်းမတ် စသည် နိုင်ငံတို့တွင် စိတ်ပါဝင်စားသူ ပြည်သူများနှင့် နိုင်ငံတကာ အင်အားစုများက တစ်ချိန်တည်း တစ်ပြိုင်နက် ထောက်ခံကြိုဆိုသည့် လှုပ်ရှားမှုကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အဓိကကတော့ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုတဲ့ သဘောရော၊ နောက်တစ်ချက်က စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ စစ်ပွဲတွေ ရပ်တန့်ပေးရေးဆိုတဲ့ လူထုလှုပ်ရှားမှုတစ်ခု ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အလားတူ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြောင်း စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး အတွက် လက်မှတ်ထိုး လှုပ်ရှားမှု တစ်ခုကိုလည်း ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူလူထု လူတန်းစားပေါင်းစုံ၏ လက်မှတ်များကို ဇွန်လ ၁၉ ရက်မှ  သြဂုတ်လ ၁၉ ရက်ထိ ရက်ပေါင်း ၆ဝ ကောက်ခံလျက်ရှိကြောင်း ယင်းအဖွဲ့မှ သိရသည်။

ယင်းသို့ ကောက်ခံရရှိသည့် ဆန္ဒပြုလက်မှတ်များကို စုစည်းပြီး ပြည်သူ့လွှတ်တော်၊ UN (ကမ္ဘာ့ကုလသမဂ္ဂ) နှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုသည့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများထံမှ သိရသည်။