News

POST TYPE

NEWS

ဓမ္မစေတီခေါင်းလောင်း မပေါ်၊ အချို့သာ ဆက်လက်စောင့်ဆိုင်း
22-Jul-2016

မင်းကင်း၊ ဇူလိုင်  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့ မောက္ကတော်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းမှ ဇူလိုင်လ ၂၁ ရက်နေ့တွင်  ဓမ္မစေတီခေါင်းလောင်း ပေါ်မည်ဟု မဟာမြိုင် သဲဖြူဆရာတော် ဦးပညာဇောတက မိန့်ကြားခဲ့သော်လည်း ခေါင်းလောင်းပေါ်ခြင်း မရှိ၍ စောင့်ကြည့်သူများ ပြန်သွားပြီး အချို့သာ ဆက်လက်စောင့်ဆိုင်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ခေါင်းလောင်းပေါ်မယ်လို့ ဆိုတဲ့ နေရာကို မင်းကင်း၊ ကနီ၊ ကလေးဝမြို့မှာ ရှိတဲ့ ရွာတွေကနေ ရွာသူရွာသားတွေ အုပ်စုလိုက်လာကြတယ်” ဟု ဒေသခံများက ပြောကြားသည်။

အဆိုပါ ဆရာတော်က ချင်းတွင်းမြစ် အတွင်းမှ နတ်နဂါးများ အကူအညီဖြင့် ဝါဆိုလပြည့်ကျော် ၂ ရက် ဇူလိုင် ၂၁ ရက်နေ့တွင် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူလာမည်ဟု မိန့်ကြားခဲ့သော်လည်း ယင်းနေ့တွင် ဆရာတော် ကြွရောက်ခဲ့ခြင်း မရှိကြောင်း၊ ခေါင်းလောင်းပေါ်မည်ဆိုသည့် အတွက် မြင်ဖူးရန်ဟုဆိုကာ ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရှုသူ များပြားလျက်ရှိကြောင်း ဆရာတော်က မဏ္ဍပ်ဆောက်ရန် ညွန်ကြားခြင်း ခံခဲ့ရသော ဦးမြင့်ကိုက ပြောဆိုသည်။
“ဇူလိုင် ၁၉ ရက်နေ့က ဝါဆိုလပြည့်နေ့က ဆရာတော်က လာပြီးပြီ။ ဒီနေ့တော့ ဆရာတော် ကြွမလာတော့ဘူးလို့ သူ့ရဲ့ တပည့်သာဝကတွေက လှမ်းပြောတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းနေရာအနီးတွင် ဇူလိုင်လ ၁၇ ရက်နေ့က မဏ္ဍပ်စဆောက်ပြီး ဆရာတော်က လာရောက်ကာ အဓိဋ္ဌာန်ပြုခဲ့ပြီး ဇူလိုင်လ ၂၁ရက်နေ့တွင် ခေါင်းလောင်းပေါ်မည်ဟု မိန့်ကြားကြောင်း၊ ဇူလိုင်လ ၁၉ ရက်နေ့က ဆရာတော်က ဒုတိယအကြိမ် အဓိဋ္ဌာန် ပြုခဲ့ကြောင်း၊ ယင်းနောက် ခေါင်းလောင်းပေါ်မည်ဟု ဆိုသော ဇူလိုင်လ ၂၁ ရက်နေ့တွင် လာရောက်ခြင်း မရှိခဲ့ကြောင်း ကျေးရွာသူ၊ ကျေးရွာသားများထံမှ သိရသည်။

“ပေါ်မပေါ်ကတော့ မပြောတတ်ဘူး။ ပေါ်ရင်လည်း မြင်ဖူးအောင်ဆိုပြီး လာကြည့်တာ” ဟု ကနီမြို့နယ် ယင်းကျေးရွာမှ လာရောက်ကြည့်ရှုသော ဦးမြင့်ဇော်က ပြောကြားသည်။