News

POST TYPE

NEWS

အင်းလေးဇုန်ဝင်ကြေးကို ဒေသခံများပါသည့် ပူးပေါင်းအဖွဲ့ဖြင့် ဧပြီလကုန်ကောက်ခံရန်စီစဉ်
05-Apr-2018

ရန်ကုန်၊ ဧပြီ ၎

တင်ဒါစနစ်ဖြင့် ကောက်ခံနေသည့် အင်းလေးကန် ဇုန်ဝင်ကြေးကောက်ခံမှုကို ဒေသခံများပူးပေါင်းပါဝင်သည့် အဖွဲ့ဖြင့် ဧပြီလကုန်မှ စတင်ကောက်ခံရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ရှမ်းပြည်နယ်တောင်ပိုင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်က ပြောကြားသည်။

“ကောက်မယ့်ပမာဏကတော့ ပြောလို့မရသေးဘူး။ သေချာတာကတော့ ကျွန်တော်တို့ စီးပွားရေးလုပ်တာ မဟုတ်တော့ ရသမျှဝင်ငွေကို ဒေသအတွက် အပြည့်အဝအသုံးချမှာပါ။ အင်းလေးကို ဝင်သလောက် ပမာဏအတိုင်း အကျိုးခံစားရမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါပူးပေါင်းအဖွဲ့တွင် ဒေသခံအရပ်ဘက် အဖွဲ့အစည်းများနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းရှင်များ၊ ပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များ၊ ဧည့်လမ်းညွှန်အဖွဲ့များ စသည်ဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ အသင်းအဖွဲ့များပါဝင်ပြီး လက်ရှိတွင် ခိုင်မာသောအဖွဲ့အစည်းနှင့် စည်းမျဉ်းများကို သတ်မှတ်ဆောင်ရွက်နေကြောင်း ဦးမျိုးမင်းဇော်ထံမှ သိရသည်။

လက်ရှိတွင် အင်းလေးဇုန် ဝင်ကြေးကို တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်ပြီး ယင်းတင်ဒါမှရငွေများကို ရှမ်းပြည်နယ်နှင့်ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုခြင်းဖြစ်သည်။

“လက်ရှိမှာတော့ ပူးပေါင်းအဖွဲ့ လွှဲပြောင်းမယူခင်ကာလအထိ အရင်တင်ဒါ အောင်ထားတဲ့ ကုမ္ပဏီကိုပဲ ဆက်ကောက်ခိုင်းထားတယ်။ အခုကို ပူးပေါင်းအဖွဲ့နဲ့ ပြောင်းကောက်တာက ဒေသခံတွေအနေနဲ့ လုပ်ပိုင်ခွင့်ကို လွှဲပြောင်းယူလိုက်တဲ့သဘောပါ”ဟု Save The Inlay တောင်သူအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လတ်က ဆိုသည်။

အဆိုပါပူးပေါင်းအဖွဲ့အနေနှင့် ဇုန်ဝင်ကြေးကောက်ခံမှုများမှ ရရှိငွေများအနက် ၉၀ ရာခိုင်နှုန်းကို အင်းလေးဒေသနှင့် အစိုးရအဖွဲ့သို့ လည်းကောင်း၊ ၆ ရာခိုင်နှုန်းကို ဇုန်ဝင်ကြေးကောက်ခံမှုများအတွက် ကုန်ကျငွေဖြင့်လည်းကောင်း၊ ၂ ရာခိုင်နှုန်းစီကို ခရီးသွားလုပ်ငန်းရန်ပုံငွေနှင့် အရပ်ဘက်အဖွဲ့အစည်းများအတွက် အသုံးပြုရန် စီစဉ်ထားကြောင်း အဆိုပါ ပူးပေါင်းအဖွဲ့ထံမှ စုံစမ်းသိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်း အင်းလေးဒေသသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများကို ဝင်ခွင့်ဇုန် ကောက်ခံခွင့် ကျပ်သိန်းသုံးသောင်းကျော်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်က လေလံအောင်မြင်ခဲ့သည်။

“အခုလို အရပ်ဘက်အဖွဲ့အစည်း တွေ ပြောင်းကောက်မယ်ဆိုတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းပဲကောက်ကောက် တိကျတဲ့မူဝါဒနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်”ဟု လက်ရှိတင်ဒါအောင်မြင်ကာ ဇုန်ဝင်ကြေးကောက်ခံနေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်က ဆိုသည်။

အင်းလေးဇုန်ဝင်ခွင့်ကို ဇုန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ (သို့) ဆယ်ဒေါ်လာနှင့်ညီမျှသည့် မြန်မာငွေကို သတ်မှတ်ကောက်ခံခွင့် ပေးထားသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

အင်းလေးဇုန်သို့ နိုင်ငံခြားသားခရီးသွား ဧည့်သည်ဝင်ခွင့်ကို ညောင်ရွှေမြို့နယ် အင်းလေးဇုန်ဧရိယာ သတ်မှတ်ပြီးရရှိသည့် ဇုန်ဝင်ခွင့်လေလံဈေး ၅၀ ရာခိုင်နှုန်းကို အင်းလေးဒေသ ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အင်းလေးဒေသသို့ နှစ်စဉ် ပြည်ပခရီးသွား ပျမ်းမျှ သုံးသိန်းကျော် ဝင်ရောက်လျက်ရှိသည်။

J-14

  • VIA